ကနီမှာ ကာကွယ်ရေးအဖွဲ့ဝင်ခြောက်ဦး အသတ်ခံရပြီး ဒေသခံ ၃၀ ကျော် အဖမ်းခံရ

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမရွာအနီးမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်နေ့က ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင်ခြောက်ဦးကို စစ်ကောင်စီတပ်သားတွေ သတ်သွားတယ်လို့ ကနီ မြို့နယ်ထဲမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

သေဆုံးခဲ့သူတွေဟာ အသက် (၁၈) နှစ်အရွယ် ကိုဇော်ဝင်းထွန်း၊ အသက် (၂၇) နှစ်အရွယ် ကိုပြည့်ဖြိုးကျော်၊ အသက် (၂၈) နှစ်အရွယ် ကိုအာကာမိုးနဲ့ ကျန်တဲ့သုံးဦးရဲ့ နာမည်နဲ့ အသက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ရှေ့တန်းကနေ ပြန်လာတဲ့ အဲဒီ ကာကွယ်ရေးတပ်သားတွေဟာ ကနီမြို့အတွင်းကို စစ်ကြောင်း ထိုးနေတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့တွေ့ပြီး အသတ်ခံလိုက်ရတာလို့ ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

“အဲဒီနေ့က မိုးတွေကလည်း တအားရွာနေတယ်။ စစ်သားတွေကလည်း ချောင်းမရွာမှာ တပ်စွဲထားတော့ မသိကြဘူး။ နောက်ရက် စစ်သားတွေ ထွက်သွားချိန် ရွာထဲပြန်ဝင်ကြမှ သိရတာ။ သေနတ်တွေနဲ့ ရက်ရက်စက်စက်ကို ပစ်ထားတယ်။ ရိုက်နှက်ထားတယ်”

သေဆုံးသူတွေရဲ့ အလောင်းတွေကိုတော့ ဩဂုတ်လ ၂၇ ရက်နေ့မှာပဲ သင်္ဂြိုဟ်လိုက်တယ်လို့ ဆိုပါတယ်။

ကနီမြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့တပ်ဟာ ဘယ်တပ်ကလဲဆိုတာကို တိတိကျကျ မသိပေမယ့် ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာကနေတစ်ဆင့် လာတဲ့တပ်တွေလို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီတပ်သား အင်အားတစ်ရာကျော်ပါတဲ့ စစ်ကြောင်းဟာ မနေ့က သရက်ပင်ရွာမှာ ညအိပ်တပ်စွဲပြီး ပြန်ထွက်ချိန်မှာ ရွာထဲမှာ မပြေးနိုင်ဘဲကျန်ခဲ့တဲ့ အသက်ကြီးသူတွေ အပါအဝင် ဒေသခံ ၃၀ လောက်ကို ဖမ်းခေါ်သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်လ ၂၉ ရက် ဒီနေ့မှာလည်း ကနီမြို့နယ် ဝါးတန်းရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်း မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကတည်း သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ကနီမြို့နယ်ထဲကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးနေတာကြောင့် ဇီးပင်တွင်း၊ မင်းမ၊ သရက်ပင်၊ မင်းအို၊ ချိုင် စတဲ့ရွာတွေအပါအဝင် ရွာပေါင်း ၁၀ ရွာလောက်က ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့နယ်ဟာ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ ဒေသဖြစ်သလို ဒီရက်ပိုင်းမှာ တယ်လီဖုန်း လိုင်းတွေပါ ဆက်သွယ်မရဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။