ဖလမ်းမြို့ သူဖယ်ရွာသားနှစ်ဦး ပစ်သတ်ခံရ

ချင်းပြည်နယ်၊ ဖလမ်းမြို့ ထင်းရူးစခန်းအနီး သူဖယ်ရွာမှာ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ရွာသားနှစ်ဦးရဲ့အလောင်းကို အောက်တိုဘာလ ၁၃ ရက် ဒီနေ့မနက်ပိုင်းမှာ ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားသူတွေဟာ အသက် ၃၄ နှစ်အရွယ် ဆလိုင်းထောင်နေမောနဲ့ အသက်၂၉ နှစ်အရွယ် ကိုထောင်လွန်‌မာန် တို့ဖြစ်ပြီး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့က စစ်ကောင်စီတပ် ဖလမ်းဘက်ကို တက်လာတယ်၊ အဲဒီအချိန်မှာ သူတို့နှစ်ဦး အိမ်ပြန်မလာလို့ ဖမ်းခေါ်သွားပြီလားဆိုပြီး မိသားစုတွေ တော်တော်စိတ်ပူနေခဲ့တာ၊ မနေ့ကလိုက်ရှာဖို့လုပ်သေးတယ်၊ ဒါပေမဲ့ စစ်သားတွေရှိနေသေးလို့ ဒီမနက်မှာပဲလိုက်ရှာတော့ လမ်းဘေးမှာတွေ့တာ၊ ကိုထောင်လွန်မာန်က မျက်စိမှာ သေနတ်ဒဏ်ရာနဲ့ ဆလိုင်းထောင်နေမောကတော့ ဝမ်းဗိုက်မှာ သေနတ်ဒဏ်ရာ လေးချက် ထိတယ်" လို့ ဒေသခံက ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။

သူတို့နှစ်ဦးကို အောက်တိုဘာလ ၁၃ ရက် ဒီနေ့မှာပဲ မြေမြှုပ်သင်္ဂြိုဟ်လိုက်တယ်လို့ သေဆုံးသူတွေရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ဇောင်ကောင် ရွာသားတစ်ဦး ဒူးခေါင်းမှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။