ချင်းပြည်နယ် (တောင်ပိုင်း) ကန်ပက်လက်မြို့မှာ ဇွန်လ ၉ ရက်နေ့ကနေ ဇွန်လ ၁၃ ရက်နေ့အထိ ငါးရက်ကြာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အင်အားသုံးတိုက် ခိုက်ခဲ့တာကြောင့် ကန်ပက်လက်မြို့က Vakok စခန်းကို စွန့်ခွာခဲ့ရတယ်လို့ ကန်ပက်လက် ချင်းကာကွယ်ရေးတပ် (CDF) အဖွဲ့က RFA ကို ပြောပါတယ်။
ကန်ပက်လက် CDF တပ်ရင်း (၂) စခန်းဖြစ်တဲ့ Vakok စခန်းကို စွန့်ခွာခဲ့ရတာမှန်တယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထွန်းလိဏ်းက ပြောပါတယ်။
"သူတို့က လက်နက်ကြီးနဲ့ထုတယ်။ အင်အား ၂၀၀ ကျော်လောက်သုံးပြီး တိုက်တာ။ ဒီနေ့လည်း တစ်နေကုန် ပစ်ခတ်မှုတွေ ရှိနေတယ်။ ကျနော်တို့က ချုံခိုတိုက်တာတို့၊ မိုင်းထောင်တာတို့ပဲ လုပ်နိုင်တယ်။ အဲဒါကြောင့်မို့လို့ နောက်ဆုတ်ခဲ့ရတာ"
နှစ်ဖက်တိုက်ပွဲအတွင်း မင်းတပ်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ-၂၇၄ နဲ့ မကွေးတိုင်း ကျောက်ထုဘက်ကနေ အမြောက်နဲ့ လက်နက်ကြီးပစ်ကူနေတယ်လို့ ဆလိုင်းထွန်းလိဏ်းက ဆိုပါတယ်။
တိုက်ပွဲဖြစ်တဲ့အနီးအနားမှာရှိတဲ့ ရွာသုံးရွာက ဒေသခံ ၃၀၀ ကျော်လည်း ဘေးလွတ်ရာ တောတောင်တွေထဲကို ထွက်ပြေးပုန်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငါးရက်ဆက်တိုက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၀ ထက် မနည်းသေဆုံးပြီး ကန်ပလက် CDF ဘက်က အဖွဲ့၀င်နှစ်ဦး ဒဏ်ရာရတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ကန်ပက်လက်မြို့ တိုက်ပွဲနဲ့ ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ညနေ ၆ နာရီကျော်အထိ ဖုန်းခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။