ဆားလင်းကြီး ဒုံးတောရွာမှာ လူ ၁၁ ဦး မီးရှို့သတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ဒုံးတောကျေးရွာမှာ ဒီနေ့မနက်ပိုင်းက ကျေးရွာသား ၁၁ ယောက် မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။
ယင်းမာပင်မြို့နယ်ကနေ စစ်ဆင်ရေးဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေက မုံရွာ-ပုသိမ် လမ်းမပေါ် မြောက်ယမားတံတားဘေးက ဒုံးတောကျေးရွာအပြင်မှာ တဲထိုးနေတဲ့ အလုပ်ကြမ်းသမားတွေကို ရိုက်နှက် ကြိုးတုပ်ပြီး သတ်ဖြတ်မီးရှို့သွားတာလို့ ဆိုပါတယ်။
အဲဒီလူငယ်တွေဟာ ရွာပြင်က လုပ်ငန်းခွင်နေရာမှာ တဲထိုးနေကြသူတွေလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူတို့က အသတ်ခံရတဲ့ တဲပြင်မှာပဲ နေကြတာ။ အငှားလိုက်ကြတာ။ ကွမ်းစိုက်တာရှိတယ်။ ထန်းတက် တာရှိတယ်။ ဒုန်းတောအပြင်ဘက်ကို ထွက်နေကြတာ။ သိပ်ပြီး ငွေရေးကြေးရေး အဆင်ပြေကြသူတွေ မဟုတ်ဘူး။ လက်လုပ်လက်စားတွေ။ သူတို့ အခင်းရှိတဲ့နေရာကို အိမ်ဆောက်နေတာပေါ့။ ရွာထဲမနေ နိုင်ဘူး။ မီးခိုးမြင်တာပေါ့။ ကျနော်တို့ပြေးတာနဲ့ မီးခိုးမြင်လို့ နောက်ကျတော့ သူတို့ရွာသူတို့ ပြန်ကြည့် တဲ့အချိန်မှာ မီးခိုးမြင်တဲ့နေရာမှာ မီးရှို့အသတ်ခံရတာတွေ့တယ်။ သူတို့က ညီအစ်ကို တစ်ဝမ်းကွဲတွေ များတယ်"
အိမ်ခြေ ၃၀၀ ခန့်ရှိတဲ့ ဒုံးတောကျေးရွာဟာ ဆားလင်းကြီးမြို့ နဲ့ ယင်းမာပင်မြို့ အစပ်မှာရှိပြီး ဆားလင်းကြီး မြို့ နယ်နိမိတ်ထဲမှာပါပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဒီဇင်ဘာလ ၇ ရက် ဒီနေ့မနက် ၇ နာရီလောက်က ယင်းမာပင်မြို့နယ် အောင်ဇေယျကွက်သစ်ကနေ ပုသိမ်-မုံရွာကလမ်းအတိုင်း ဆားလင်းကြီးမြို့နယ်ဘက်ကို ရောက်လာပြီး ဒုံးတောကျေးရွာဘက်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက်လာခဲ့ကြတာကြောင့် ဒေသခံက ထွက်ပြေးခဲ့ကြရတယ်လို့ ပြောပါတယ်။
အဲဒီလိုထွက်ပြေးကြရချိန်မှာ ရွာထဲက မီးခိုးလုံးကြီးတွေ ထွက်ပေါ်လာတာကို အဝေးကနေ လှမ်းမြင်ခဲ့ကြရ ပြီးနောက် စစ်သားတွေ ရွာထဲကပြန်ထွက်သွားပြီး အခြေအနေကို သွားကြည့်ချိန်မှာတော့ မီးခိုးလုံးကြီးတွေ ထွက်ပေါ်ခဲ့တဲ့နေရာမှာ မီးရှို့ထားတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ကြတာလို့လည်းဆိုပါတယ်။
သတ်ဖြတ်ခံထားရတဲ့လူငယ်တွေဟာ ကြေးနန်းကြိုးနဲ့ နောက်ပြန်တုပ်ခံရပြီးမှ မီးရှို့ခံရတဲ့ အနေအထား တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒုန်းတောဒေသခံတစ်ဦးက ပြောပါတယ်။
“ကျနော်တို့ မီးရှို့သွားခဲ့တာတွေ ကြည့်တဲ့အခါမှာတော့ သူတို့သေပြီးတော့မှ ရှို့ခဲ့တာတွေ မဟုတ်ဘူးဗျ။ သူတို့ပုံစံတွေက လုံးဝကျူးလွန်ပြီးတော့ မချိမဆန့်သေထားသလိုကြီးဗျ။ အသက်ကတော့ လုံးဝမသေ သေးဘူး။ သေချာတယ် မီးရှို့တဲ့အချိန်မှာ။ သွားကြည့်တော့ သူတို့ပုံစံတွေက ရုန်းကန်နေတဲ့ပုံစံတွေမျိုး။ နောက်မှာလည်း လက်ပြန်ကြိုးဆိုတာ ကြိုးမဟုတ်ဘူး။ အရပ်အခေါ်တော့ ကြေးနန်းကြိုးတုပ်ပြီးတော့မှ အဲဒီလိုမျိုး သတ်ထားခဲ့တာဗျ။ လက်ရှိ ကျနော်တို့ ရေကြည့်တာတော့ ၁၁ ယောက် ရှိတယ်ခင်ဗျ။ အကုန် လုံး အမျိုးသားတွေ။ သူတို့တွေက ရွာခံတွေချည်းပဲ"
မီးရှို့သတ်ခံရပြီး သေဆုံးသူတွေရဲ့ အမည်နဲ့ အသက်အရွယ်တွေကို လတ်တလော မသိရသေးပါဘူး။ ထွက်ပြေး နေကြရတဲ့ ကျေးရွာသားတွေဟာ ရွာထဲကို အားလုံးပြန်မလာကြသေးပေမဲ့ သေဆုံးသူတွေကိုတော့ ဒီနေ့ ညနေပိုင်းမှာ သင်္ဂြိုဟ်ပေးဖို့ စီစဉ်နေကြတယ်လို့ ဆိုပါတယ်။
"သွားကြည့်တော့ သူတို့ပုံစံတွေက ရုန်းကန်နေတဲ့ပုံစံတွေမျိုး။ ကြေးနန်းကြိုးတုပ်ပြီးတော့မှ အဲဒီလိုမျိုး သတ်ထားခဲ့တာဗျ"
စစ်ကောင်စီတပ်သားတွေက မီးရှို့သတ်ဖြတ်တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင် စီ ပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်သေးပါဘူး။
ဒုံးတောကျေးရွာမှာ ဒီဖြစ်ရပ်မတိုင်ခင် ယခင်က သုံးကြိမ်လောက် စစ်ကြောင်းဝင်ခဲ့ဖူးပြီး အဲဒီအချိန်က ဒေသခံ တွေကို ရွာထဲကနေ ရွာပြင်ကို ထွက်မပြေးခိုင်းဘဲ ဒီအတိုင်း အိမ်ထဲမှာ နေခိုင်းထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ အခုတစ်ကြိမ်မှာတော့ စစ်ကောင်စီတပ်ရဲ့လုပ်ရပ်က ဆိုးဝါးလွန်းတယ်လို့ ဒေသခံတွေ က မှတ်ချက်ပေးပါတယ်။
ဒီဇင်ဘာ ၆ ရက် မနေ့ ညပိုင်းက ယင်းမာပင်မြို့နယ် ရွှေတောင်ဦး ရဲတပ်ရင်း - ၂၈ ကနေ တပ်အင်အား ၁၅၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ကျေးစားကျရွာနားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက ပြောက်ကြားစနစ်နဲ့ ပစ်ခတ်ခဲ့ကြပါတယ်။

ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီးနဲ့ ပုလဲ ပူးပေါင်းတပ်တွေက ယင်းမာပင်မြို့ ၁၆ ကုတင်ဆေးရုံးနားမှာ မိုင်းဆွဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ပြီး ကားပျက်စီးခဲ့တာကြောင့် မကျေနပ်လို့ အခုလို လုပ်တာလို့ ယင်းမာပင် PDF တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
“သူတို့ဘက်က အထိအခိုက် အကျအဆုံးတွေရှိပါတယ်။ ကျနော်ထင်ပါတယ်။ ဒီကိစ္စက မနေ့ညကကိစ္စကို မကျေနပ်လို့လုပ်တယ်လို့ သုံးသပ်မိပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရဲ့ မြောက်ဘက်မှာ (၁၆ ကုတင်ဆေးရုံရှိတယ်။ အဲဒီ ၁၆ ကုတင်နားမှာ သူတို့ အကြမ်းဖက်စစ်ကောင်စီရဲ့ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့တယ်။ အဲဒီတော့ အဲဒီကိစ္စမှာ အထိအခိုက် အကျဆုံးတွေ တော်တော်များပါတယ်။ ကားတွေလည်း ပျက်စီးပါတယ်။ အဲဒီအတွက်ကို သူတို့ဘက်ကနေပြီးတော့တစ်ဆင့် ကျနော်တို့ လက်တုံ့ ပြန်တယ်လို့ ယူဆပါတယ်။ သူတို့ လက်တုံ့ပြန်လိုက်တဲ့သူတွေဟာ PDF တွေ မဟုတ်ဘဲနဲ့ အရပ်သား ပြည်သူတွေဖြစ်နေပါတယ်"
ဒီနေ့ ညနေပိုင်းအချိန်မှာလည်း ပူးပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဆက်ဖြစ်နေပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်နေတယ်လို့လည်း သူက ဆက်ပြော ပါတယ်။
နောက်ရက်တွေမှာလည်း စစ်ကောင်စီတပ်ဘက်က စစ်ဆင်ရေးတွေ ပိုလုပ်လာနိုင်တဲ့အတွက် ထိတွေ့မှုတွေ ပြင်းထန်လာနိုင်တယ်လို့ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီးနဲ့ ပုလဲ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက သတိပေးထားပါတယ်။