ကလေးမြို့ခံတစ်ဦး အဖမ်းခံရပြီးနောက် စစ်ကြောရေးမှာ သေဆုံး

2021.08.01
Share on WhatsApp
Share on WhatsApp
ကလေးမြို့ခံတစ်ဦး အဖမ်းခံရပြီးနောက် စစ်ကြောရေးမှာ သေဆုံး စစ်ကောင်စီတပ်ရဲ့ စစ်ကြောရေးမှာ သေဆုံးသွားတဲ့ ကလေးမြို့က ကိုလန်ခန့်ထန်ရဲ့ ရုပ်အလောင်းကို တွေ့ရစဥ်
Photo CJ

တရုတ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ရင်းကနေ နေရပ်ဇာတိ စစ်ကိုင်းတိုင်း ကလေးမြို့ကိုပြန်လာတဲ့ ကိုလန်ခန့်ထန် ဆိုသူဟာ သူစီးလာတဲ့ကားပေါ်မှာ စစ်ကောင်စီတပ်တွေက လက်နက်တွေနဲ့အတူတွေ့လို့ အဖမ်းခံလိုက်ရပြီး နောက်နေ့ စစ်ကြောရေးမှာ သေဆုံးသွားခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ဇာတိ အသက် ၂၉ နှစ်အရွယ် ကိုလန်ခန့်ထန် ဟာ တရုတ်နယ်စပ်မှာ တစ်နှစ် လောက် အလုပ်လုပ်ရင်းကနေ ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေလို့ နေရပ်ဖြစ်တဲ့ကလေးမြို့ကို ပြန်လာရင်းကနေ ဇူလိုင် ၃၀ ရက်နေ့က နည်းပညာတက္ကသိုလ်ကျောင်းအနားမှာ လက်နက်တွေပါတယ် ဆိုတဲ့ သံသယနဲ့ အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

ဇူလိုင် ၃၁ ရက် နောက်နေ့မှာ ချင်းလူမှုရေးအသင်းကနေတစ်ဆင့် အဖမ်းခံထားရတဲ့ ကိုလန်ခန့်ထန် ဆုံးသွားပြီဖြစ်ကြောင်း အိမ်ကိုလာအကြောင်းကြားခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ကိုလန်ခန့်ထန် ဟာ ကိုဗစ်ရောဂါတွေ တရုတ်နိုင်ငံမှာ ထပ်မံဖြစ်ပွားနေတာမို့ အလုပ်ဆက်လုပ်လို့ မဖြစ်တော့ တာကြောင့် ဇူလိုင် ၂၈ ရက်နေ့က မူဆယ်ကနေ မန္တလေးကို သူငယ်ချင်းဖြစ်သူနဲ့အတူ ကားနဲ့ ပြန်လာခဲ့ ပါတယ်။

မန္တလေးကနေ ကလေးမြို့ကို ကားပြောင်းစီးလာရင်း ကလေးမြို့မှာ ကိုဗစ်ဖြစ်ပွားနှုန်းတွေများလို့ နေအိမ်ကို တစ်ခါတည်းမဝင်ရဘဲ ကိုဗစ်ရှိ မရှိ စစ်ဆေးပြီး သီးသန့်နေရမှာဖြစ်လို့ လူမှုရေးအသင်းအဖွဲ့တွေဆီ ဆက်သွယ် ရင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးတာခံခဲ့ရတာလို့ မိသားစုဝင်တွေက ပြောပါတယ်။

အဲဒီလက်နက်တွေဟာ သူနဲ့သက်ဆိုင်ခြင်းရှိ မရှိ ဆိုတာကိုတော့ RFA က စုံစမ်းလို့မရသေးသလို သူနဲ့အတူ ပါလာတဲ့သူလည်း အဖမ်းခံထားရဆဲဖြစ်ပါတယ်။

ကလေးမြို့မှာ ခုလိုမျိုး စစ်ကောင်စီက သံသယနဲ့ဖမ်းဆီးပြီး စစ်ကြောရေးမှာသေဆုံးခဲ့ရသူတွေထဲမှာ ကိုလန်ခန့်ထန် ဟာ ငါးယောက်မြောက်ရှိပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။