စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ (၂၈)ကြိမ်မြောက် ဆီးဂိမ်း (SEA Games) အရှေ့တောင်အာရှ အားကစား ပွဲတော်မှာ အသက် ၂၃ အောက် အမျိုးသားဘောလုံး အကြိုဗိုလ်လုပွဲအဖြစ် မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ ဒီနေ့ ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ မြန်မာက ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။ မြန်မာအသင်းအတွက် ဂိုးတွေကို တိုက်စစ်မှူး စည်သူအောင်နှင့် အသင်းခေါင်းဆောင် နေလင်းထွန်းတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
မြန်မာဘောလုံးအသင်းဟာ ဗိုလ်လုပွဲအတွက် အသင့်ဖြစ်နေပြီး၊ ဗီယက်နမ်အသင်းနဲ့ ကစားခဲ့သူတွေနဲ့ပဲ ယှဉ်ပြိုင်ကစားသွားမယ်လို့ မြန်မာဘောလုံးအသင်းရဲ့ မန်နေဂျာ မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးသန်းတိုးအောင်က RFA ကို ပြောပါတယ်။ ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံအသင်းတို့ ဒီနေ့ ယှဉ်ပြိုင်တဲ့ အကြိုဗိုလ်လုပွဲမှာ ထိုင်းအသင်းက အနိုင်ရရှိသွားတဲ့အတွက် နောက်ဆုံးဗိုလ်လုပွဲကို မြန်မာနဲ့ ထိုင်းအသင်းတို့ လာမယ့် ဇွန်လ ၁၅ ရက်၊ တနင်္လာနေ့ မြန်မာစံတော်ချိန် ည ၇ နာရီမှာ ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။
ဒီအကြောင်း RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ဗိုလ်လုပွဲမှာ မြန်မာအသင်းအောင်နိုင်ရေး အလားအလာတွေနဲ့ ပတ်သက်လို့ အားကစားအယ်ဒီတာ ဦးဇော်သက်ထွေးကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။
