မြန်မာဟာ အမေရိကန်အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ဆဲနိုင်ငံအဖြစ် သမ္မတ ထရမ့် ဆက်သတ်မှတ်

RFA Burmese
2025.02.06
မြန်မာဟာ အမေရိကန်အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ဆဲနိုင်ငံအဖြစ် သမ္မတ ထရမ့် ဆက်သတ်မှတ် ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က ဝါရှင်တန်ဒီစီမြို့တော်တွင် ကျင်းပသည့် အခမ်းအနားတစ်ခု တက်ရောက်လာသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်။
Photo: AFP

စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံက အခြေအနေတွေဟာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ဆက်ရှိနေသေးတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သတ်မှတ်လိုက်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံဟာ အမေရိကန်အမျိုးသားလုံခြုံရေး ခြိမ်းခြောက်တဲ့နိုင်ငံအဖြစ် သတ်မှတ်ကြောင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့အမိန့် Executive Order 14014 ကို သမ္မတက တစ်နှစ်ထပ်ပြီး သက်တမ်းတိုးလိုက်ကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ အခြေအနေတွေ အထူးသဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး အစိုးရခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်းအားဖြင့် မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ငြင်းပယ်ပြီး နိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေခဲ့တာတွေဟာ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ပုံမှန်မဟုတ်တဲ့ ခြိမ်းခြောက်မှုအဖြစ် ဆက်လက်တည်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး အမျိုးသားလုံခြုံရေးအက်ဥပဒေအရ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ Executive Order 14014 ကို တစ်နှစ်ထပ်ပြီး သက်တမ်းတိုးလိုက်ကြောင်း သမ္မတ ထရမ့် လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တဲ့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။