မြန်မာစစ်ကောင်စီလက်နက်ထုတ်နိုင်ဖို့ အိန္ဒိယကုမ္ပဏီ ပံ့ပိုးနေ

RFA Burmese
2023.01.19
မြန်မာစစ်ကောင်စီလက်နက်ထုတ်နိုင်ဖို့ အိန္ဒိယကုမ္ပဏီ ပံ့ပိုးနေ ၂ဝ၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမြင်ကွင်းတစ်ခု။
Reuters

ကပစလို့ အတိုကောက်ခေါ်တဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံတွေကနေ မြန်မာစစ်ကောင်စီတပ် လက်နက်တွေ ထုတ်လုပ်နိုင်ဖို့ အိန္ဒိယနိုင်ငံက Tonbo Imaging ကုမ္ပဏီက ပံ့ပိုးကူညီနေတယ်လို့ မြန်မာစစ်တပ်နဲ့စီးပွားရေးချိတ်ဆက်လုပ်ကိုင်နေသူတွေကို သုတေသနလုပ် ဖော်ထုတ်နေတဲ့ Justice for Myanmar က ဇန်နဝါရီလ ၁၉ ရက်နေ့က ပြောကြားလိုက်ပါတယ်။

အာရှ၊ ဥရောပနဲ့ မြောက်အမေရိကက အနည်းဆုံး ၁၃ နိုင်ငံက အထောက်အပံ့နဲ့ မြန်မာစစ်တပ်က ပြည်တွင်းမှာလက်နက်ထုတ်လုပ်နေတယ်လို့ ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ(SAC-M)က မကြာခင်က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ထုတ်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာမှာ Tonbo Imaging ကုမ္ပဏီကိုပါ ဖော်ပြထားတာပါ။

2021-03-27T000000Z_147936572_RC2HJM9CBMJH_RTRMADP_3_MYANMAR-POLITICS-ARMY-ANNIVERSARY.JPG
၂ဝ၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမြင်ကွင်းတချို့။ (Photo: Reuters)

အိန္ဒိယ Tonbo Imaging ကုမ္ပဏီဟာ စင်ကာပူမှာ ရုံးခန်းဖွင့်ထားပြီး စစ်ကောင်စီသုံးနေတဲ့ ရိုင်ဖယ်သေနတ်တွေမှာ သုံးတဲ့ အဝေးကြည့်မှန်ပြောင်း Ek long-range thermal sights တင်ပို့တယ်လို့ ပြောတယ်။ Tonbo Imaging ကုမ္ပဏီဟာ လစ်သူနီးယားနိုင်ငံမှာ သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာနထားရှိတယ်လို့လည်း ပြောပါတယ်။ အမေရိကန် Duke University က ပါမောက္ခ David Brady က အဲဒီဌာနက အကြံပေးအဖွဲ့မှာ ပါရှိတယ်လို့လည်း ပြောပါတယ်။

ဒါကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ လစ်သူနီးယားနိုင်ငံ အစိုးရတွေအနေနဲ့ လူတစ်ဦးချင်း ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတွေက သူတို့ ပိုင်နက်မြေကနေ မြန်မာစစ်ကောင်စီလက်နက်ထုတ်လုပ်နိုင်အောင် ပံ့ပိုးကူညီနေတာကို စုံစမ်းသင့်တယ်လို့ Justice for Myanmar က တိုက်တွန်းလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။