ထိုင်းနိုင်ငံက ဆန္ဒပြ မြန်မာအလုပ်သမားတွေ ယာယီပြေလည်မှုရ
2024.08.18
ထိုင်းနိုင်ငံအလယ်ပိုင်း ပရာကျင်ဘူရီပြည်နယ်က စက်မှုဇုန်အတွင်းမှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်ခလစာရရှိရေး ဆန္ဒပြနေတဲ့ မြန်မာအလုပ်သမား ခုနစ်ရာ၀န်းကျင်ရဲ့ လုပ်အားခတွေကို လာမဲ့ သြဂုတ်လ ၂၀ ရက်နေ့မှာ ပေးချေပါမယ်ဆိုတဲ့ ကတိကဝတ်ရရှိလို့ ယာယီပြေလည်မှု ရရှိခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
စက်ရုံပိုင်ရှင် ကိုယ်စားလှယ်ကတစ်ဆင့် ငွေပေးချေပါမယ်လို့ ကတိပေးခဲ့သလို ထိုင်းရဲနဲ့ တာဝန်ရှိသူတွေကပါ ၀င်ရောက်ဖြေရှင်းပေးခဲ့တဲ့အတွက် သဘောတူညီမှုယူခဲ့တာလို့ ဆန္ဒပြရာမှာ ပါ၀င်ခဲ့တဲ့ မြန်မာအလုပ်သမားတစ်ဦးက RFA ကို ပြောပါတယ်။
“လောလောဆယ် ချေးငွေ တစ်ယောက် ဘတ် ငါးရာထုတ်ပေးမယ်။ စနေ၊ တနင်္ဂနွေက ဘဏ်ပိတ်ရက်ဖြစ်လို့ လစာကို ၂၀ ရက်နေ့ကို နောက်ဆုံးထားပြီး ရှင်းပေးမယ်ပြောတယ်။ လောလောဆယ် ပိုက်ဆံတော့ မရသေးဘူး၊ စောင့်ကြည့်မယ်။ မရဘူးဆိုရင်တော့ ထပ်ပြီးတော့ ဆန္ဒပြဦးမယ်။ ပိုက်ဆံမရသေးတဲ့အတွက် အလုပ်မဆင်းသေးဘူး၊ ရမှဆင်းမယ်”
တရုတ်လုပ်ငန်းရှင်ဘက်က အလုပ်သမားတွေကို လစာမပေးဘဲ အကြိမ်ကြိမ် ချိန်းဆိုခဲ့တာကြောင့် ဆန္ဒပြခဲ့ကြတာဖြစ်ပြီး လက်ရှိမှာ အလုပ်သမားတစ်ဦးကို နှစ်လစာ လုပ်အားခ ဘတ်နှစ်သောင်းခန့် ရဖို့ရှိနေတယ်လို့ သူက ဆိုပါတယ်။
မြန်မာအလုပ်သမားတွေဟာ ဩဂုတ်လ ၁၆ ရက်နေ့ ညမှာ စတင်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး လတ်တလောညှိနှိုင်းမှုအရ ယာယီပြေလည်မှုရထားပေမဲ့ လုပ်ခလစာ ပေးချပြီးမှသာ လုပ်ငန်းခွင်ပြန်ဝင်ကြဖို့ ဆုံးဖြတ်ထားကြတယ်လို့ ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။