မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တရားမဝင် မြေရှားသတ္တုတူးဖော်မှုလုပ်ငန်းတွေ အရှိန်အဟုန်မြှင့် လုပ်လာနေတယ်လို့ သဘာဝပတ်ဝန်းကျင်ရေးရာတွေကို လေ့လာစောင့်ကြည့်နေတဲ့ Global witness အဖွဲ့က ဩဂုတ်လ ၉ ရက် ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
ဂြိုဟ်တုကတစ်ဆင့် ဆန်းစစ်လေ့လာချက်တွေအရ မြန်မာနိုင်ငံမြောက်ပိုင်း နယ်မြေတစ်ခုအတွင်း မြေရှားသတ္တုကန် ၂၇၀၀ ကျော် တွေ့ရပြီး အကျယ်အဝန်းအားဖြင့် စင်္ကာပူနိုင်ငံ တစ်နိုင်ငံစာ ရှိတယ်လို့ ဆိုပါတယ်။
တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကချင်အထူးဒေသ-၁ က ပြည်သူ့စစ်အဖွဲ့တွေ အပေးအယူလုပ်ပြီး တူးဖော်နေကြတာဖြစ်ပြီး၊ သူတို့ဟာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ထိန်းချုပ်ထားပြီး တရုတ်နိုင်ငံကို မြေရှားသတ္တု တင်ပို့နေကြတာလို့ Global witness အဖွဲ့က ပြောပါတယ်။

အဲဒီဒေသမှာ စစ်ကောင်စီသစ္စာခံ ပြည်သူ့စစ်အဖွဲ့တွေကို ထိန်းချုပ်ထားတဲ့ ဇခုန်တိန့်ယိန်းက ဒီအကျိုးအမြတ်တွေကို အဓိက ရရှိနေတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်ကစလို့ မြန်မာနိုင်ငံထဲမှာ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ Global Witness အဖွဲ့ရဲ့ အမှုဆောင်အရာရှိ Mike Davis က ပြောပါတယ်။
ဒေါ်လာဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ကျောက်စိမ်း၊ ကျောက်မျက်ရတနာနဲ့ သစ်လုပ်ငန်းအပါအဝင် တိုင်းပြည်ရဲ့ သဘာဝသယံဇာတတွေကို ဆယ်စုနှစ်ပေါင်းများစွာ ခိုးဝှက်လုယက်ထားတဲ့ မြန်မာစစ်တပ်အတွက် မြေရှားသတ္တုတူးဖော်ရေးဟာ နောက်ဆုံးပေါ် ငွေဝင်လမ်းတစ်ခု ဖြစ်လာနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို အမေရိကန် ဒေါ်လာ သန်း ၂ဝဝ ဖိုး မြေရှားသတ္တုတွေ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
မြေရှားသတ္တုဟာ လျှပ်စစ်မော်တော်ကားတွေ၊ စမတ်ဖုန်းတွေ၊ လျှပ်စစ်ထုတ်ယူလို့ရတဲ့ လေရဟတ်တွေမှာ အသုံးပြုတာဖြစ်ပြီး မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မြေရှားသတ္တု အများဆုံးထုတ်လုပ်တဲ့နိုင်ငံ ဖြစ်လာနေတယ်လို့ Global witness အဖွဲ့က ပြောပါတယ်။