မြောင်းမြအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ညှဉ်းပန်းနှိပ်စက်ခံနေရ
2024.08.14
ဧရာဝတီတိုင်း၊ မြောင်းမြအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေနဲ့ ရာဇဝတ်အကျဉ်းသားတွေက ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး ရိုက်နှက်နှိပ်စက်တာတွေ ကျူးလွန်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။
ဒီဖြစ်စဉ်မှာ မြောင်းမြအကျဉ်းထောင် အိပ်ဆောင် (၃) က ထောင်တာဝန်ခံနဲ့ ဦးဆောင်သူတွေပါဝင်ပြီး ရာဇဝတ်အကျဉ်းသားတွေက ရိုက်နှက်တာအပြင် အလုပ်တွေကို ဖိအားပေး ခိုင်းစေတာလည်း လုပ်နေတယ်လို့ PPNM က ဩဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကတော့ နိုင်ငံရေးအကျဉ်းသားတွေကို ငွေကြေးတောင်းခံခဲ့ပြီး အဲဒီငွေကြေးမပေးလို့ ရိုက်နှက်ခံခဲ့ရတာလို့ RFA ကိုပြောပါတယ်။
“ပိုက်ဆံ မပေးရင်ပိုဆိုးတယ်ဗျ။ တချို့ကြတော့လည်း နည်းနည်းတတ်နိုင်တယ်။ တတ်နိုင်တော့ အိမ်ကနေပိုက်ဆံတောင်းပြီးမှ ပေးရတယ်ပေါ့နော်။ မပေးတဲ့သူတွေကြရင်တော့ ပုံစံခန်းမှာ တချို့တွေဆိုရင်တော့ တွဲထူရတာမျိုးတွေရှိတယ်။ တချို့တွေဆိုရင် မျက်နှာတွေမှာ ပေါက်ပြဲဒဏ်ရာတွေ ရှိတယ်။ သူတို့က အများအားဖြင့်က မျက်နှာကို မထိုးဘူး။ ရင်ဘတ်တွေတို့၊ နောက်ကျော တွေတို့ ပေါင်တွေကို ကန်တာ”
မြောင်းမြအကျဉ်းထောင်မှာ နိုင်ငံရေးကျဉ်းသား ၂၅၀ ဝန်းကျင်ရှိပြီး အဲဒီအထဲမှာ PDF လို့ စွပ်စွဲဖမ်းဆီးခံရသူတွေလည်း ပါဝင်တယ်လို့ သူကပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်အာဏာပိုင်တွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ခံရတဲ့အပြင် ထောင်ဝင်စာပို့ခွင့်တွေလည်း ကန့်သတ်ခံထားရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း လူနှစ်သောင်းကျော် (၂၀,၇၄၃ ဦး) ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အဲဒီအထဲက ကိုးထောင်ကျော် (၉,၃၂၆ ဦး) က ထောင်ချခံထားရပါတယ်။