မြဝတီနဲ့ တာချီလိတ်နယ်စပ်ကို ကုန်ပစ္စည်း ၁၂ မျိုး တင်ပို့ခွင့် ထိုင်းအစိုးရ ပိတ်ပင်

RFA Burmese
2025.02.12
မြဝတီနဲ့ တာချီလိတ်နယ်စပ်ကို ကုန်ပစ္စည်း ၁၂ မျိုး တင်ပို့ခွင့် ထိုင်းအစိုးရ ပိတ်ပင် ကရင်ပြည်နယ် မြဝတီမြို့အမှတ် (၁) တံတားတွင် ထိုင်းနိုင်ငံဘက်သို့ သွားမည့်သူများအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက် မနက်ပိုင်းက တွေ့ရစဉ်။
Citizen Photo

ထိုင်းနိုင်ငံက မိုဘိုင်းလ်ဖုန်းနဲ့ လျှပ်စစ်ပစ္စည်းတွေအပါအဝင် ထုတ်ကုန် ၁၂ မျိုးကို မြန်မာနယ်စပ်ဖြစ်တဲ့ မြဝတီနဲ့ တာချီလိတ်မြို့တွေကို တင်သွင်းခွင့် ထိုင်းအစိုးရက ပိတ်လိုက်ကြောင်း ထိုင်း-မြန်မာနယ်စပ်က ကုန်သည်တွေက ပြောပါတယ်။

မိုဘိုင်းဖုန်းအသစ်၊ ဘက်ထရီ၊ အင်ဗာတာ၊ မီးစက်၊ ဆိုလာပြား၊ မိုဘိုင်းကိရိယာ၊ ကေဘလ်ကြိုး၊ အင်ဂျင်ဝိုင်၊ စက်သုံးဆီ အပါအဝင် ကုန်ပစ္စည်း ၁၂ မျိုးတင်သွင်းခွင့်ကို ထိုင်းအကောက်ခွန်ဌာနက ပိတ်ပင်လိုက်တာလို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့က ထိုင်းအစိုးရ အစည်းအဝေးမှာ ကုန်ပစ္စည်းတွေ ကန့်သတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ထိုင်းအကောက်ခွန်ဌာနက ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ မြဝတီမြို့ကို ကန့်သတ်ကုန်စည်တွေသယ်ယူခွင့်ပိတ်လိုက်တာလို့ မြဝတီမြို့ ကုန်သည်တစ်ဦးက ပြောပါတယ်။

ကုန်စည်တင်သွင်းခွင့်ပိတ်လိုက်တာကြောင့် ကုန်ပစ္စည်းတွေ စျေးတက်ပြီး ကုန်စည်စီးဆင်းမှုကြာမြင့်မယ်လို့ မြဝတီမြို့မှာနေထိုင်တဲ့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“အဓိကတော့ကျားဖြန့်အတွက်ပဲ ကျားဖြန့်အလုပ်တွေ လုပ်လို့မရအောင် ပိတ်တာပါပဲ။ ဝယ်ပြီးသားပစ္စည်းတွေအတွက်တော့ အဆင်မပြေတော့ဘူးပေါ့ တစ်ဖက်ရောင်းသူနဲ့ ပြန်ပြောရမှာပေါ့။ ဈေးတက်မယ် အဆင်မပြေဖြစ်မယ်”

ထိုင်းအစိုးရက ကရင်ပြည်နယ် မြဝတီမြို့ကို စက်သုံးဆီတင်သွင်းတာ ဖြတ်တောက်လိုက်တာကြောင့် မြဝတီမြို့မှာ စက်သုံးဆီ စျေးနှုန်းတွေ အဆမတန် မြင့်တက်သွားပြီး မြို့တွင်းမှာ ဆီပြတ်လပ်နေတာကြောင့် မြို့ခံတွေ စက်သုံးဆီဝယ်ယူဖို့ အခက်အခဲဖြစ်နေပါတယ်။

ထိုင်းနယ်စပ် တာချီလိတ်မြို့မှာလည်း ကုန်ပစ္စည်းသယ်ယူတင်သွင်းခွင့်ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စတင်ပိတ်လိုက်ပေမယ့် တစ်ပိုင်တနိုင်ဝယ်ယူ ပို့ဆောင်ခွင့်ရသေးတာကြောင့် အခက်အခဲမကြုံရသေးဘူးလို့ တာချီလိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

“ဒီနေ့ စပိတ်တယ်ပြောတယ်။ အများနဲ့ပေးမသယ်တော့ဘူး။ တစ်နိုင်တပိုင် အိမ်သုံးလေးတွေတော့ ပေးဖြတ်ပါတယ်။ သယ်ရခက်ရင်တော့ စျေးအနည်းငယ်တော့ တက်နိုင်တယ်၊ ကုန်သည်ကြီးတွေကတော့ ထိခိုက်မှာပေါ့”

မြဝတီနဲ့ တာချီလိတ်နယ်စပ်ဂိတ်တွေမှာ ပိတ်လိုက်ပေမဲ့ တခြားနယ်စပ်ဂိတ်တွေတော့ ပိတ်လိုက်တာ ရှိ၊ မရှိကို မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။