လေပြင်းဒဏ်ကြောင့် မြေပုံဒုက္ခသည်စခန်း နေအိမ်များ ပျက်စီး

ဖြူဖြူခိုင်
2020.05.30

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကိုင်းကြီးဒုက္ခသည်စခန်းကို လေပြင်းတိုက်ခတ်လို့ အဆောင်တွေ ပျက်စီးကုန်ပြီး စခန်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေ အခက်အခဲတွေ့နေရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက် ည ၂ နာရီခန့်မှာ မြေပုံမြို့နယ်ထဲ လေမုန်တိုင်း တိုက်ခတ်ခဲ့တာကြောင့် ကိုင်းကြီး ဒုက္ခသည်စခန်းမှာရှိတဲ့ အဆောင်တွေ အကုန်ပျက်ဆီးသွားခဲ့လို့ နေထိုင်ရေး အခက်အခဲကြုံနေရပြီး ဖြစ်သလိုနေရ တယ်လို့ အဲဒီဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

"အခုဆိုရင် မိုးတွင်းအချိန်ဖြစ်လို့ ခေါင်မိုးတွေလဲမရှိ၊ တာလပတ်တွေကလဲ လေအရမ်းတိုက်လို့ ဆွဲလို့မရဘူး။ အခုစားနပ်ရိက္ခာကလည်း နှစ်ပတ်စာလောက်ပဲ ရှိတော့တယ်။ အခု တာလပတ်တွေနဲ့ ဖြစ်သလိုအဆောင် လုပ်ပြီးနေနေရတယ်။ အခက်အခဲကတော့ အများကြီးရှိတယ်။ မိုးရွာလာရင် အောက်ကလည်း စိုစွတ်လာမယ်။ ရွာကို လဲသွားလို့မရ ။ ညကဆိုရင်လည်း လက်နက်ကြီးတွေနဲ့ ပစ်တယ်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ အလှမ်းဝေးပေမယ့် လုံ ခြုံမှုမရှိလို့ မပြန်ရဲသေးဘူး။"

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေကြောင့် မြေပုံမြို့ ကံ့ကော်ချောင်း၊ သပြေတိုး၊ ကမ်းနီနဲ့ ဂြမ့်ဟင်းခါးရွာတွေမှာ နေထိုင်တဲ့ ဒေသခံတွေဟာ ကိုင်းကြီးဒုက္ခသည်စခန်းကို ထွက်ပြေးလာခဲ့တာ ငါးလ နီးပါးရှိ နေပါပြီ။ ကိုင်းကြီးဒုက္ခသည်စခန်းမှာ ဒုက္ခသည် ၁၆၂ ဦး နေထိုင်ပါတယ်။

သူတို့ စားဝတ်နေရေးအတွက်ကို မြတန်ဆောင်းဖောင်ဒေးရှင်းနဲ့ ရင်ငွေ့ပန်းရက္ခိတကွန်ရက်တို့က တာဝန်ယူ ဆောင်ရွက်ပေးနေပေမယ့် ရေရှည်အတွက် အဆင်မပြေနိုင်ဘူးလို့ ရင်ငွေ့ပန်းရက္ခိတကွန်ရက် ဥက္ကဋ္ဌ ကိုရွှေစိုး က ပြောပါတယ်။

"မြေပုံမြို့နယ် ကမ်းကြီးစခန်းမှာ အခုလောလောဆယ်ကတော့ မိုးတွင်းအတွက် နေမယ့်အဆောင်တွေ မရှိဘူး။ စားနပ်ရိက္ခာလည်း သိပ်မဖူလှုံတော့ဘူး။သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ အများကြီးဒုက္ခရောက်တယ်။ အစိုးရအဖွဲ့က လှူဒါန်းတာမျိုးလည်းမရှိဘူး။ ဘယ်အဖွဲ့အစည်းကရောက်တာမှ မရှိဘူး။ လောလောဆယ်တော့ ကိုယ့်ဟာကိုယ်ပဲ အဆင်ပြေအောင် ရုန်းကန်နေရတယ်။"

အစိုးရဘက်ကတော့ သူတို့အသိအမှတ်ပြုတဲ့ ဒုက္ခသည်စခန်းမှာနေထိုင်သူတွေကိုသာ ကူညီပေးနေတာ ကြောင့် ဒီဒုက္ခသည်တွေရဲ့ စားသောက်နေထိုင်ရေး အခက်ကြုံနေရတာဖြစ်တယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

"အစိုးဘက်ကတော့ မိုးတွင်းမှာ ဒုက္ခသည်တွေအတွက် အိမ်ယာတွေ ဆောက်ပေးဖို့တော့ ရှိတယ်။ ဘယ်တော့လောက် ပြီးမလဲဆိုတာမသိဘူး။ ဒုက္ခသည်တွေက မြို့ပေါ်မှာရောနယ်မှာရော ပြန့်ကျဲပြီးတော့ ရှိတယ်။ အစိုးရကတော့ သူတို့အသိအမှတ်ပြုတဲ့  ဒုက္ခသည်စခန်းလောက်ကိုပဲ ဆန်ဖိုးလောက်ပေးတာ ရှိတယ်။ ဒီအပြင် စခန်းတွေကတော့ နီးစပ်ရာရွာတွေရဲ့ စေတနာရှင်တွေနဲ့ လည်ပတ်နေရတာပေါ့။ အခုလို မိုးတွင်းရောက်လာပြီ ဆိုတော့ သူတို့ရဲ့ နေရေးထိုင်ရေး အခက်အခဲတွေ ပိုရှိလာတယ်။ နောက်ပြီးတော့ လယ်ယာလုပ်ငန်းခွင်ကို သူတို့အနေနဲ့ ဝင်ဖို့အဆင်မပြေဘူး။ ကိုယ့်ရွာကို မသွားရဲတဲ့ အခြေအနေလည်းရှိတော့ ဒီကိစ္စကမိုးတွင်းကျရင် ပိုပြီးတော့ ပြဿနာဖြစ်လာနိုင်တယ်။"

လတ်တလောမှာ မိုးတွင်းကာလလည်း ကျရောက်ပြီဖြစ်တဲ့အတွက် ဒုက္ခသည်တွေ နေထိုင်ဖို့ နေစရာ၊ စားဝတ် နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေကြပါတယ်။ ရခိုင်ပြည်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP နဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC တို့က စားနပ်ရိက္ခာအကူအညီ ပေးနေတာ ဖြစ်ပါတယ်။ လတ်တလော ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေမှုကြောင့် ဧပြီလ တစ်လလုံးထောက်ပံ့မှုတွေ မရခဲ့ဘူးလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

"မြို့ပေါ်စခန်းတွေမှာတော့ ဘာပဲဖြစ်ဖြစ် စားသောက်ဖို့ကရှိနေတယ်။ မလောက်မဌရင်လည်း အတိုင်း အတာတစ်ခုအထိ စားသောက်ဖို့ ရှိနေတယ်။ နယ်စခန်းတွေမှာ ဧပြီလ တစ်လလုံး အစိုးရနဲ့ ICRC တို့လို WFP တို့ လိုအဖွဲ့တွေက ဆန်ထောက်ပံ့တဲ့ ကိစ္စတွေက ဧပြီတစ်လုံးမှာ မရှိခဲ့ဘူး။ တချို့ စခန်းတွေက မတ်လလယ်လောက် ကတည်းကမရှိဘူး။ အခု မေလမှာပဲ စခန်းတချို့မှာ စပြီးမှ ထောက်ပံ့နေရတယ်။ အဲဒါတွေလည်း စခန်းအကုန်ကို မရောက်သေးဘူး။ ပုံမှန်အခြေခံဆန်တို့ ဆီတို့ ပဲတို့တောင် ပုံမှန် မရခဲ့တာတွေ ရှိတယ်။ ဒီအခြေအနေမျိုးတွေ ကြောင့် နောက်ပိုင်းလတွေမှာ ပုံမှန်တောင် မထောက်ပံ့နိုင်ရင် နေထိုင်မှု အပိုင်းရော စားသောက်မှုအပိုင်းရော အရမ်းကိုခက်ခဲလာနိုင်တယ်။"

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲတွေကြောင့် နေ့စဉ်လိုလို အရပ်သားသေဆုံးမှု တွေရှိနေပြီး အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက် နှစ်သိန်းနီးပါး ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။