စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်းက ဂုံညှင်းဆိပ်ရွာ ရဲကင်းစခန်းကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ ငါးဖွဲ့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၂ ရက် မနေ့ညက ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့တွေ ရောက်သွားချိန်မှာ ဝန်ထမ်းတွေ မရှိတော့တာကြောင့် တိုက်ပွဲမဖြစ်ခဲ့ဘူးလို့ မြင်းမူ လျှပ်စစ်ပြောက်ကျားတပ်ဖွဲ့က အထွေထွေတာဝန်ခံ ကိုလုလင်ကပြောပါတယ်။
“ရဲတွေက နေ့ခင်းပိုင်းလောက်က စခန်းကထွက်သွားတယ်။ ကျန်နေအုံးမလားဆိုပြီး အဖွဲ့တွေက အကုန် ပြင်ပြီးသွားလိုက်ပေမယ့် မတိုက်ခဲ့ရဘူး။ သူတို့ ကျန်နေခဲ့တဲ့ အသုံးဆောင်ပစ္စည်းတွေတော့ သိမ်းလာခဲ့တယ်။ စခန်းကို မီးရှို့ဖျက်စီးခဲ့တယ်"
မြင်းမူမြို့နယ်ထဲမှာ စစ်ကောင်စီက ရဲကင်းစခန်းတွေကို ရုတ်သိမ်းထားပြီးတော့ ပင်မ စခန်းမှာပဲ အင်အားတွေ စုစည်းထားတယ်လို့ သူကဆိုပါတယ်။
ဒီအချက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။
မနေ့ညက ရဲကင်းစခန်း တိုက်ခိုက်မှုကို မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့၊ Black Eagle Defence Force၊ Myin Mu Defence Force၊ People Defence Force Myinmu တို့ကလုပ်ဆောင်ခဲ့တာလို့ အဲဒီအဖွဲ့တွေက ဒီနေ့ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ဌာနဆိုင်ရာရုံးပေါင်း ၇၀၂ ခု ဖျက်ဆီးခံခဲ့ရပြီး အုပ်ချုပ်ရေး ဆိုင်ရာ တာဝန်ရှိသူ ၃၆၇ ဦး သေဆုံးခဲ့တယ်လို့ ဇန်နဝါရီလ ၃၁ ရက်နေ့က ပြောဆို ထားပါတယ်။