မြင့်မြင့်ခင် ထိုးမုန့်ပိုင်ရှင်အိမ် ညဘက်မှာ ရှာဖွေဖမ်းဆီးခံရ

မန္တလေးမြို့က မြင့်မြင့်ခင် ထိုးမုန့် ပိုင်ရှင်ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၅ ရက် မနေ့ ညပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ မန္တလေးမြို့ခံတွေက RFA ကို ပြောပါတယ်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ၅၈ လမ်း ၂၄ လမ်းနဲ့ ၂၅ လမ်းကြားက မြင့်မြင့်ခင်ထိုးမုန့် ပိုင်ရှင်ရဲ့ နေအိမ်ကို ည ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်က လျှပ်စစ်မီးဖြတ်ပြီး ဝင် ရောက်ရှာဖွေဖမ်းဆီးတာ လုပ်ခဲ့တယ်လို့ ဒေသခံတစ်ယောက်က ဆိုပါတယ်။

"မြင့်မြင့်ခင် အိမ်ကို ဝင်သွားတာ ဟုတ်တယ်ဗျ။ ကျွန်တော်တို့ မနေ့က စသိတာတော့ ည ၁၀ နာရီကျော် လောက်မှာ စသိတာပဲ။ ပိုင်ရှင် အမျိုးသားတစ်ယောက်တော့ ပါသွားတယ် ကြားတယ်"

လက်ရှိအချိန်အထိတော့ ဖမ်းဆီးခံရသူ အမျိုးသားရဲ့ နာမည်နဲ့ ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မြင့်မြင့်ခင် ထိုးမုန့်လုပ်ငန်းကို ၁၉၁၂ ခုနှစ်မှာ ရွှေနန်းတော် နာမည်နဲ့ မြန်မာ့ရိုးရာမုန့်မျိုးစုံကို စတင် တည်ထောင်ကာ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ မြင့်မြင့်ခင် နာမည်နဲ့ လည်ပတ်ခဲ့ပြီး ဒီလုပ်ငန်းကို မမြင့်မြင့်ခင်က ဒါရိုက်တာအဖြစ် တာဝန် ယူပြီး ဦးဆောင်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။