သံအမတ်ကြီး ဗိုလ်မှူးချုပ်ဟောင်း မြင့်နောင်ဟာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာ ပါဝင်နှိမ်နင်းခဲ့သူ ဖြစ်တယ်လို့ တောင်အာဖရိက အခြေစိုက် Mail and Guardian သတင်းစာက ဖော်ပြပါတယ်။ မြန်မာ့စစ်ရေး လေ့လာသူ ဦးဌေးအောင်ကလည်း ရွှေဝါရောင်တော်လှန်ရေးမှာ သံအမတ်ကြီး ဦးမြင့်နောင် ပတ်သက်ခဲ့ပုံကို အခုလို ပြောပြပါတယ်။ “၂၀၀၇ ခုနှစ်တုန်းက ရန်ကုန် ရွှေတိဂုံဘုရား တောင်ဘက်မုခ်မှာ သံဃာတော်တွေကို မီးလောင်ဗုံးတွေ မျက်ရည်ယို ဗုံးတွေနဲ့ ပစ်ခတ်ပြီး လူစုခွဲနှိမ်နင်းတဲ့နေရာမှာ ဦးစီးကွပ်ကဲခဲ့တဲ့ တပ်မဟာ ၇၇ က ဗျူဟာမှူးအဆင့် တာဝန်ရှိသူ တစ်ဦးလို့ သိပါတယ်” တောင်အာဖရိက သမ္မတ အနေနဲ့ ဗီယင်နာ သဘောတူညီချက်အရ လုံခြုံရေးကို အကြောင်းပြုပြီး သံတမန် အဖွဲ့ဝင်တွေကို ငြင်းပယ်ခွင့် ရှိကြောင်း၊ သမ္မတ အာဏာကို အသုံးပြုပြီး ဦးမြင့်နောင်ရဲ့ သံအမတ် ခန့်အပ်လွှာကို ရုပ်သိမ်းသင့်ကြောင်း အတိုက်အခံ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ရဲ့ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီး Kenneth Mubu က ပြောပါတယ်။ ဒါ့အပြင် အာဏာရှင်တွေ လူ့အခွင့်အရေး ချိုးဖောက်သူတွေနဲ့ ဆက်ဆံမှုကို တောင်အာဖရိက အစိုးရအနေနဲ့ ရပ်တန့်သင့်ပြီလို့လည်း အတိုက်အခံဝန်ကြီး Mubu က ပြောဆိုလိုက်ပါတယ်။