ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က သရက်ပြင်ကျေးရွာအုပ်စု အလယ်ချောင်း ခမီရွာသစ် အနီးမှာ ဒီနေ့မနက် ပိုင်းက ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ကြား တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံမြိုတိုင်းရင်းသား ၃၀၀ နီးပါးဟာ နေအိမ်တွေစွန့်ခွါထွက်ပြေးနေရတယ်လို့ သိရပါတယ်။
မနက်ပိုင်းမှာ ပစ်ခတ်သံတွေ ကြားတာကြောင့် ဘာပစ္စည်းမှမယူနိုင်ဘဲ သရက်ပြင်ကျေးရွာကို ထွက်ပြေးကြတယ်လို့ အလယ်ချောင်း ခမီရွာသစ်က ကိုကျော်ကျော်နိုင် က ပြောပါတယ်။
သရက်ပြင်ကျေးရွာကနေတဆင့် တိုက်ပွဲတွေဖြစ်ပွားရာနေရာနဲ့ဝေးတဲ့ ဘူးသီးတောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာနက စီစဉ်ပေးတဲ့ ကားတွေနဲ့ ဒုံးသိမ်ရွာကို ရွှေ့ပြောင်းခဲ့တယ်လို့ ထွက်ပြေးခဲ့တဲ့ မြိုတိုင်းရင်းသား ကိုကျော်ကျော်နိုင်က RFA ကို ပြောပါတယ်။
လက်ရှိအချိန်မှာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာတာကြောင့် စားသောက်စရာတွေ၊ အဝတ် အထည်တွေနဲ့ ခြုံစရာစောင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။
အစိုးရစစ်တပ်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ဟာ ဘူးသီးတောင်မြို့နယ်မှာ အခုရက်ပိုင်းမှာ နေ့တိုင်းလိုလို တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ဘေးဒုက္ခသည်တွေလည်း တိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက်ပိုင်းက မြိုတိုင်းရင်းသားတွေနေထိုင်တဲ့ အလယ်ချောင်းခမီရွာသစ်အနီးမှာ တပ်မတော်နဲ့ AA တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် ဒေသခံ ၃၀၀ နီးပါးဟာ သရက်ချောင်းကျေးရွာကို ထွက်ပြေးခဲ့ကြရပါတယ်။
ထွက်ပြေးခဲ့ရတဲ့အခြေအနေကို မြိုတိုင်းရင်းသား အလယ်ချောင်းရွာသား ကိုကျော်ကျော်နိုင် က အခုလို ပြောပါတယ်။
"ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက လက်နက်ကြီးသံတွေကြားရတာကြောင့် ရွာသားတွေ အပြင်မထွက်ဝံ့ဘူး၊ ဒီအတိုင်းပဲနေနေတာ၊ ဒီမနက်မှာ လက်နက်အသေး ပစ်သံတွေတောက်လျောက်ကြားရတာကြောင့် ရွာသားတွေ အကုန်လုံးက ထွက်ပြေးနေရတာ၊ တချို့ဆို တိရာစ္ဆာန်တွေတောင် ဒီတိုင်းထားခဲ့ရတာ ဘာမှယူမလာခဲ့ရဘူး"
ဒီမြိုတိုင်းရင်းသားတွေနေထိုင်တဲ့ အလယ်ချောင်းရွာအနီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိပြီး ဒီနေ့မနက်ပိုင်းမှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာဟာ ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေပါ ထိမှန်တာကြောင့် ရွာသားတွေ ထွက်ပြေးလာတာလို့ ကိုကျော်ကျော်နိုင်က ပြောပါတယ်။
မနက်ပိုင်းက ရွာသားတွေကို ကူညီဖို့သွားရောက်ခဲ့ပေမယ့် တိုက်ပွဲတွေဖြစ်နေတာကြောင့် လမ်းကနေ လှည့်ပြန်လာရတယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။
"ကျနော်တို့ မနက်ကသွားတဲ့အချိန်မှာ တိုက်ပွဲကမပြီးသေးတဲ့အတွက်ကြောင့် အကူအညီပေးဖို့သွားရမှာ အတားခံရတဲ့အတွက် လမ်းကနေ လှည့်ပြန်လာရတယ်၊ အဲဒီမှာ မြို့နယ်ထွေအုပ် အကူညီပေးနေတယ်လို့ ကြားတယ်"
သရက်ပြင်ကျေးရွာကို ထွက်ပြေးလာတဲ့ မြိုတိုင်းရင်းသားတွေကို ဘူးသီးတောင်မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဌာနက စီစဉ်ပေးတဲ့ ကားတွေနဲ့ ဒုံးသိမ်ရွာကို ရွှေ့ပြောင်းခဲ့တယ်လို့ သိရပါတယ်။
AA နဲ့ တပ်မတော် တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ်မှာ စစ်ဘေးဒုက္ခသည် တစ်ထောင်နီးပါးရှိနေပြီလို့ ဦးထွန်းအောင်သိန်း က ပြောပါတယ်။
အစိုးရတပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အခြေအနေကို ရက္ခိုင့်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က အခုလို ပြောပါတယ်။
"တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကျနော့်ကို ပြောတယ်၊ အသေးစိတ်အချက်အလက်တော့ မပြောလာသေးဘူး၊ ဟိုကနေ ထုတ်ပြန်ချက်ထုတ်မှ ပြောလို့ရမယ်"
တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး RFA က တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကို မေးမြန်းရာမှာတော့ သူတို့အနေနဲ့ မြေပြင်အခြေအနေတွေကို မသိရှိသေးကြောင်းနဲ့ အောက်ခြေတပ်တွေကို မေးမြန်းဖို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါကြောင့် RFA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ရာမှာ ဖုန်းစက်ပိတ်ထားပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ စစ်ဘေးစခန်းတွေဆီ သွားရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဂျင်မီ က သူတို့ခရီးစဉ်အတွင်း တေ့ွခဲ့တဲ့ဒုက္ခသည်တွေအကြောင်း အခုလို ပြောပါတယ်။
“ကျနော်တွေ့ခဲ့တာ မူလတန်းကျောင်းသားတွေ ပါတယ်။ ဆရာ၊ ဆရာမတွေ ပါတယ်။ အနေအထိုင်ကျပ်တာပေါ့ဗျာ။ သူတို့ကတော့ လိုချင်တာ ငြိမ်းချမ်းရေးပဲ။ သူတို့အေးအေးဆေးဆေး နေချင်တယ်။ အေးအေးချမ်းချမ်း ရှာဖွေစားသောက်ချင်တယ်။ အခုလို ပြေးလွှားနေရတဲ့ဘဝမျိုးကို သူတို့ ဘယ်တော့မှ မလိုချင်ဘူး။ ဒါကတော့ စစ်ဘေးရှောင်တွေရဲ့အသံကတော့ တစ်သံတည်းပါပဲ”
ဦးမင်းကိုနိုင်နဲ့ ဦးဂျင်မီတို့ ဦးဆောင်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဟာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်ကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရခိုင်ပြည်နယ် ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြိုနယ်တွေမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို မနေ့ကနဲ့ ဒီကနေ့မှာ သွားရောက်ခဲ့တာဖြစ်ပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းတွေမှာ ဆန်နဲ့ စားနပ်ရိက္ခာကို အစိုးရနဲ့ ရခိုင်အရပ်ဖက်အဖွဲ့တွေက ကူညီပေးနေပြီး လတ်တလော တိုက်ပွဲဖြစ်နေတဲ့နေရာတွေကိုတော့ တပ်မတော်က သွားရောက်ခွင့်မပေးထားဘူးလို့ သိရပါတယ်။
တပ်မတော်ဘက်စစ်ကြောင်းတွေဟာ ဘူးသီးတောင်ဘက်ကို အများအပြားရောက်ရှိနေပြီး တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) တိုက်ပွဲတွေဟာ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ် ကြားမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။