ရေဘေးကြုံခဲ့တဲ့ မြောက်ဦးဒေသမှာ သောက်သုံးရေ လိုအပ်နေ
2024.08.06
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရေကြီးခဲ့တာကြောင့် သောက်သုံးရေကန်တွေ ပျက်စီးသွားပြီး သောက်သုံးရေရဖို့ ခက်ခဲနေတယ်လို့ ရေဘေးသင့်ပြည်သူတွေကို ကူညီနေသူတွေက ပြောပါတယ်။
သောက်သုံးရေကန်တွေပါ ရေလွှမ်းမိုးပြီး ပျက်စီးသွားခဲ့တာကြောင့် မြောက်ဦးမြို့နယ်က ကျေးရွာတွေအပါအဝင် စစ်ဘေးဒုက္ခသည်စခန်းတွေမှာပါ သောက်သုံးရေရဖို့ ခက်ခဲနေတယ်လို့ လူမှုကူညီရေးလုပ်ကိုင်နေတဲ့ မြောက်ဦးလူငယ်အစည်းအရုံးက တာဝန်ခံတစ်ဦးက ပြောပါတယ်။
“အဓိကအခက်အခဲက သောက်ရေကန်တွေ ရေလွှမ်းသွားတာရှိတယ်။ ကန်က အကုန်လုံးလွှမ်းသွားတော့ သုံးလို့လည်း မရတော့ဘူး။ သောက်လို့လည်း မရတော့ဘူး”
မြောက်ဦးမြို့နယ်မှာ ရေသန့်ရဖို့ ဒေသတွင်းလူမှုကူညီရေးအသင်းတွေက ရေသယ်ကားတွေနဲ့ လိုက်လံပို့ဆောင်ပေးနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
မြောက်ဦးမြို့နယ်အတွင်း ရေဘေးသင့်ခဲ့တဲ့ ကျေးရွာပေါင်း သုံးဆယ်ကျော်ရှိပြီး ရေကြီးမှုနဲ့အတူ မြစ်ကမ်းပါးပြိုတာကြောင့် နေအိမ်တွေပျက်စီးခဲ့သလို ရေနစ်သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။ အခုရက်ပိုင်းအတွင်း ရေအနည်းငယ်ပြန်ကျသွားပေမယ့် ရေဘေးသင့်ကျေးရွာကပြည်သူတွေအတွက် အစားအသောက်နဲ့ အကူအညီတွေ လိုအပ်နေဆဲလို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက မြောက်ဦး၊ ကျောက်တော်နဲ့ မင်းပြားမြို့နယ်တွေမှာ ဩဂုတ်လ ၁ ရက်နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် ဩဂုတ်လ ၃ ရက်နေ့ကစတင်ပြီး ရေဘေးဒဏ်ကို ခံစားခဲ့ရတာပါ။