ရေစကြို N-YSO အဖွဲ့ဝင် ကိုယ်ဝန်ဆောင် CDM ဆရာမ အပါအဝင် ငါးဦး ဖမ်းဆီး သတ်ဖြတ်ခံရ

မကွေးတိုင်း ရေစကြိုမြို့နယ်က ရေစကြိုမြောက်ပိုင်း ပြောက်ကျားအဖွဲ့ဝင်တွေဖြစ်တဲ့ CDM ကျောင်းအုပ်နဲ့ ကျောင်းဆရာမ အပါအဝင် ငါးဦး ဇွန်လ ၁၀ ရက် မနက် ၆ နာရီလောက် စစ်ကောင်စီတပ်သားတွေရဲ့ အဖမ်းခံရပြီး အရှင်လတ်လတ် မီးရှို့ သတ်ခံလိုက်ရတယ်လို့ အဲဒီအဖွဲ့က RFA ကို ပြောပါတယ်။
သေဆုံးသွားသူတွေဟာ အသက် ၅၂ နှစ်အရွယ် CDM ကျောင်းအုပ်ဆရာ ဦးဝင်းကျော်၊ ကိုယ်ဝန် ငါးလခန့်ရှိနေတဲ့ အသက် ၃၀ ဝန်းကျင် CDM ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ၊ အသက် ၂၆ နှစ်အရွယ် CDM အထက်တန်း သူနာပြုဆရာမ ဒေါ်ဇာလီနိုင်၊ ထောက်ပို့ ရဲဘော် မသဲအိအိဝင်းနဲ့ ဝူခုန်း (ခေါ်) ကိုဌေးမင်းဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အလောင်းတွေကို ဇွန်လ ၁၄ ရက် မနေ့ နေ့လယ် ၁ နာရီလောက်မှာ တွေ့ရှိခဲ့ရတယ်လို့ ရေစကြိုမြောက်ပိုင်း ပြောက်ကျားအဖွဲ့ (N-YSO) တာဝန်ခံ ဗိုလ်မုတ်ဆိတ်က ပြောပါတယ်။
"သူတို့အလောင်းတွေ အနေအထားကို ကြည့်ရတာ သတ်ပြီးမှ မီးရှို့တဲ့ အနေအထား တော့ မဖြစ်နိုင်ဘူးဗျ။ ကျနော်တို့ ရဲဘော်တွေအားလုံး အလောင်းကို ဖော်ကြည့်တဲ့ အချိန်မှာတော့ ခြေထောက်တွေ မရှိတော့ဘူး။ အဲနေရာမှာ တရွတ်တိုက် ဆွဲထားတာ တွေ့တယ်။ သူတို့ရဲ့ အသုံးအဆောင်ပစ္စည်းအချို့မှာဆိုရင် သွေးစွန်းတာ တွေ့ထားတယ်ဗျ။ မသတ်ခင်မှာ ညှဥ်းပန်းနှိပ်စက်မယ်။ ဒီအလောင်းတွေဖြစ်စဉ်ကို ကြည့်တဲ့အခြေအနေအရ အရှင်လတ်လတ် မီးရှို့ထားတဲ့ အနေအထားဗျ"
ဇွန်လ ၁၀ ရက်နေ့ မနက် ၃ နာရီဝန်းကျင်က စစ်ကောင်စီအင်အား ၅၀ ခန့်ရှိတဲ့ ကား သုံးစီးကို ဒန်းပင်ကန်ရွာ မရောက်ခင်နေရာတစ်ခုမှာ N-YSO အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁၃ ဦး သေဆုံးခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူကို ဆေးကုဖို့ နေရာတစ်ခုကို ရွှေ့ပြောင်းချိန် အဖမ်းခံလိုက်ရတာလို့ ဆိုပါတယ်။
အဲဒီနေ့က နေရာပေါင်းစုံက တပ်ကူတွေ ရောက်လာတာကြောင့် ဘယ်တပ်က ဖမ်းဆီး သတ်ဖြတ်သလဲဆိုတာ တိတိကျကျ မသိရဘူးလို့လည်း N-YSO တာဝန်ခံက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ညနေ ၃ နာရီဝန်းကျင်အထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။
N-YSO အဖွဲ့ဟာ ပထမအကြိမ်တုန်းကလည်း မိုင်းမတော်တဆဖြစ်ပြီး အဖွဲ့ဝင်လေးဦး သေဆုံးခဲ့တာကြောင့် အခုသေဆုံးသူတွေနဲ့ဆို ကိုးဦးရှိပြီလို့ ပြောပါတယ်။