အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) ရဲ့ ဗဟို ကော်မတီဝင် ကိုနိုင်းသီဟကျော်ကို ဩဂုတ်လ ၁၇ ရက်နေ့က အိုးဘိုထောင်တွင်း တရားရုံးကနေ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ်ငါးနှစ် မျက်ကွယ်အမိန့် ချမှတ်လိုက်တယ်လို့ BEGSC က ဩဂုတ်လ ၁၈ ရက် ဒီနေ့ ထုတ်ပြန်ပါ တယ်။
သူဟာ ဩဂုတ်လ ၁၁ ရက်နေ့ကလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ထောင် သုံးနှစ် ချမှတ်ခံထားရတာကြောင့် စုစုပေါင်း ထောင်ရှစ်နှစ် ကျခံရမှာပါ။
ဖမ်းဆီးခံထားရသူကို တရားရုံးထံ ကြားနာဖို့ မခေါ်တော့ဘဲ မျက်ကွယ်အမိန့်ချတာက နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်တဲ့ လုပ်ရပ်လို့ BEGSC ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဆရာအောင်မြတ်မိုးက ပြောပါတယ်။
"အိုးဘိုထောင်က အခုနောက်ပိုင်း နိုင်ကျဉ်းတွေကို အရမ်းဖိနှိပ်လာတယ်။ ကိုဂျင်မီတို့ ကိစ္စဖြစ်တော့ ဆရာနိုင်းသီဟကျော် အပါအဝင် နိုင်ကျဉ်းတွေက ဆန္ဒပြကြတော့ တိုက် ပိတ်ထားတယ်။ အခုအမိန့်ချတော့လည်း ရုံးတောင်မထုတ်ဘဲ မျက်ကွယ်အမိန့်ချလိုက် တာပေါ့။ မိသားစုနဲ့ရော၊ ရှေ့နေနဲ့ပါ တွေ့ခွင့်မပေးပါဘူး"
အသက် ၂၅ နှစ်အရွယ် ကိုနိုင်းသီဟကျော်ကို မန္တလေးမြို့က သူ တိမ်းရှောင်နေတဲ့ နေအိမ် တစ်အိမ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက ဖမ်းဆီးခဲ့တာပါ။
လက်ရှိမှာတော့ ကျန်းမာရေး ကောင်းမွန်နေပေမယ့် ဖမ်းဆီးစဉ်က စစ်ကြောရေးမှာ ၉၁ ရက်ကြာ စစ်ဆေးမေးမြန်းခံရပြီးမှ အိုးဘိုထောင်ကို ရောက်လာတာလို့ ကိုနိုင်းသီဟကျော် ရဲ့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။