နမ့်ခမ်း ငွေလိမ်ဂိုဏ်းကို ဖမ်းဆီးပြီး တရုတ်အစိုးရလက်ထဲ လွှဲပြောင်းလိုက်ကြောင်း SSPP ပြော
2023.11.27

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ထိန်းချုပ်နယ်မြေထဲက ကျားဖျန့် ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုကို နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ဝင်ရောက်စီးနင်းရာမှာ တရုတ်နိုင်ငံသား အယောက် ၉၀ နီးပါးအပါအဝင် စုစုပေါင်းအယောက် ၁၂၀ ကို ဖမ်းမိခဲ့တယ်လို့ SSPP က သတင်းထုတ်ပြန်ပါတယ်။
ငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၈၈ ယောက်နဲ့ မြန်မာနိုင်ငံသား ၂၈ ယောက် ဖမ်းမိခဲ့ပြီး တရုတ်နိုင်ငံသားတွေကိုတော့ နိုဝင်ဘာ ၂၃ ရက်နေ့မှာပဲ တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ရဲ့ SSPP Info ဖေ့စ်ဘွတ်လူမှုစာမျက်နှာမှာ နိုဝင်ဘာလ ၂၇ ရက်နေ့က ရေးသားထားပါတယ်။ မြန်မာနိုင်ငံသား ၂၈ ယောက်ကိုတော့ စစ်ဆေး အရေးယူသွားမယ်လို့ ဆိုပါတယ်။
SSPP/SSA အနေနဲ့ မိမိအုပ်ချုပ်ရေးနယ်မြေအတွင်း တရားမဝင်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ လုံးဝမရှိစေရေးအတွက် လူမျိုး၊ ဘာသာမရွေး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားဖို့ အမိန့်ထုတ်ထားတယ်လို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး SSPP/SSA တာဝန်ရှိသူတွေကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဖုန်းတွေပိတ်ထားတာကြောင့် လောလောဆယ် ဆက်သွယ်လို့ မရသေးပါဘူး။
မြန်မာနိုင်ငံမြောက်ပိုင်းကနေ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူ ၃၁,၀၀၀ ကို လွှဲပြောင်းလက်ခံရရှိခဲ့တယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၁ ရက်နေ့မှာ သတင်း ထုတ်ပြန်ထားပါတယ်။
ကိုးကန့်ဒေသရဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း ခေါင်းဆောင်တွေဖြစ်တဲ့ 'မင်' မိသားစုဝင်တွေကို ဖမ်းဆီးနိုင်ခဲ့ပြီး အဲဒီထဲက အဓိကခေါင်းဆောင် မင်ရှောက်ချန်းဟာ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနယ်စပ်က အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ တရုတ်ဘက်ကနေ စစ်ကောင်စီကို ဖိအားပေးနေသလို တရုတ်နဲ့နီးစပ်တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ကလည်း ၁၀၂၇ စစ်ဆင်ရေးရဲ့ အဓိကရည်ရွယ်ချက်တွေထဲမှာ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေ တိုက်ဖျက်ရေး ဆိုပြီး ထည့်သွင်းထားပါတယ်။