နမ့်ခမ်းမြို့က စစ်ဘေးဒုက္ခသည်တချို့နေရပ်ပြန်

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မှာရှိတဲ့ ဂျော်ဝမ်းနဲ့ ဂျော်တူးဆိုတဲ့ ကချင်စစ်ရှောင်စခန်းက ဒုက္ခသည်တချို့ အခုရက်ပိုင်းအတွင်းမှာပဲ နေရပ်ပြန်သွားကြတယ်လို့ စခန်းတာဝန်ခံ ဦးဇော်ရော် က ပြောပါတယ်။
အဲဒီစခန်း နှစ်ခုစလုံးဟာ အစိုးရတပ်မတော်နဲ့ KIA တို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာတာဖြစ်ပြီး ဂျော်ဝမ်းစခန်းကို ၂၀၁၁ ခုနှစ်က ဖွင့်ထားတာဖြစ်ပြီး ဂျော်တူး စခန်းကတော့ ၂၀၁၄ ခုနှစ်မှာ ဖွင့်ထားတာဖြစ်ပါတယ်။
ကျန်ရှိနေသေးတဲ့ ဒုက္ခသည်တွေကတော့ သူတို့နေရပ်ကို ပြန်ချင်ကြပေမယ့် သူတို့နေရာမှာ မြန်မာ့တပ်မတော်က ဆက်ရှိနေသေးတာကြောင့် မပြန်ရဲသေးဘူးလို့ ပြောကြပါတယ်။
ဒုက္ခသည်တွေ စားသောက်ရေးအတွက် လူမှုအဖွဲ့အစည်းတွေက အကူအညီပေးတာတွေ ရှိတဲ့အပြင် WFP အဖွဲ့က ခွဲတမ်းကျနဲ့ ထောက်ပံ့ပေးသလို လူကယ်ပြန်နဲ့ အစိုးရဌာနအဖွဲ့အစည်းတွေ ကလည်း ခြောက်လတစ်ကြိမ် လာရောက်ကူညီတာတွေ ရှိတယ်လို့ သိရပါတယ်။
နမ့်ခမ်းမြို့မှာ နေဝန်းနီ၊ ပန်လုံ၊ ဂျော်ဝမ်း၊ ဂျော်တူး စတဲ့ စခန်းတွေ အပါအဝင် စစ်ဘေးဒုက္ခသည် စခန်းပေါင်း ခြောက်ခုရှိပါတယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုရဲထက် ပေးပို့တာပါ။