ဖမ်းဝရမ်းထုတ်ထားတဲ့ ဒေါ်နန္ဒမာလာကို ဖမ်းဆီးရမိ

ငွေကျပ်သိန်းပေါင်းများစွာ လိမ်လည်တယ်ဆိုပြီး တိုင်ကြားချက်ရှိတာကြောင့် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ သေနတ် ကိုင်ယောဂီကြီး ဒေါ်နန္ဒမာလာကို မနေ့ညနေက ဖမ်းဆီးရမိပြီဖြစ်ကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က RFA ကို ပြောပါတယ်။

သတင်းပေးချက်အရ ဇန်နဝါရီလ ၂ ရက်နေ့ ဗုဒ္ဓဟူးညနေ ၆ နာရီ ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင် ၂၈၄ မှာ ဝရမ်းပြေးမယ်တော်ကြီး စီးနင်းလိုက်ပါလာတဲ့ ကားကို ရဲတပ်ဖွဲ့က ရပ်တန့်ရှာဖွေရာမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

ဒီနေ့ နေ့လည်မှာတော့ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဒေါ်နန္ဒမာလာကို လူဝတ်လဲပေးခဲ့တယ်လို့ သိရပါတယ်။

ဒေါ်နန္ဒမာလာဟာ ထန်နီဝင်းပြည့်၊ နှမ်းခါးရွာ၊ ဂန့်ဂေါမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး တရုတ်နိုင်ငံကို ခရီးသွားရောက်နေ တဲ့ သတင်းတွေ ထုတ်ပြန်ထားပြီး တိမ်းရှောင်နေတာဖြစ်ပါတယ်။ သူကို ဖမ်းဝရမ်းထုတ်ထားတာ ၁ လ ဝန်းကျင်ရှိပြီ လို့ သိရပါတယ်။

ဒေါ်နန္ဒမာလာဟာ တပ်မတော် ဗိုလ်ချုပ်တွေရဲ့ မိသားစုတွေထံကနေ ငွေကြေးလိမ်လည်တာတွေရှိနေတယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့လက ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။