ဒေါ်နန်းခင်ထွေးမြင့် ပြစ်ဒဏ်တစ်ဝက် လျော့၊ အကျဉ်းသား ရှစ်ရာကျော် ပြန်လွတ်

2022.02.12
ဒေါ်နန်းခင်ထွေးမြင့် ပြစ်ဒဏ်တစ်ဝက် လျော့၊ အကျဉ်းသား ရှစ်ရာကျော် ပြန်လွတ် NLD အစိုးရလက်ထက်က ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကို ၂၀၁၈၊ သြဂုတ် ၄ ရက်နေ့က တွေ့ရစဉ်
Photo: RFA

စစ်ကောင်စီက ထောင်ဒဏ် အနှစ် ၈၀ ချခံထားရတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ပြစ်ဒဏ် တစ်ဝက် လျှော့ချပေးလိုက်သလို တစ်ပြည်လုံးက အကျဉ်းသား ၈၀၀ ကျော်ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်အနေနဲ့ ဒီနေ့ ပြန်လွှတ်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။‌

ဖေဖော်ဝါရီ ၁၂ ရက် ဒီနေ့ (၇၅) နှစ်မြောက် စိန်ရတုအဖြစ် ကျရောက်တဲ့ ပြည်ထောင်စုနေ့ မှာ တစ်ပြည်လုံးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား ၈၁၄ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ - ၄၀၁ ပုဒ်မခွဲ (၁) အရ နောက်တစ် ကြိမ်ပြစ်မှုကျုးလွန်ရင် ကျန်ရှိတဲ့ ပြစ်ဒဏ်ပါပေါင်းပြီး ဆက်လက်ကျခံရမယ်လို့ စစ်ကောင်စီက ဆိုထားတာပါ။

စစ်ကောင်စီဟာ နိုင်ငံရေး အမြတ်ထုတ်လိုတဲ့ ရည်ရွယ်ချက်နဲ့သာ ခုလိုလုပ်တာလို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောပါတယ်။

"တကယ့်တကယ်က နိုင်ငံရေးဆန္ဒနဲ့ စိတ်စေတနာ မရှိတဲ့အပြင် ဒါက အဖြေလည်း မဟုတ်ဘူး။ နောက်တစ်ခုက လွှတ်တဲ့နေရာမှာလည်း အနှောင်အဖွဲ့နဲ့လွှတ်တာ၊ ၄၀၁၊ ၁ နဲ့ လွှတ်တဲ့အတွက်ကြောင့်မို့လို့ တကယ်လို့များ နောက်တစ်ကြိမ် အပြစ်ကျုးလွန်မယ် ဆိုရင် ထောင်ကြွေးကျန်ပေါင်းပြီး ကျခံစေမယ်ဆိုပြီး အမိန့်ထုတ်ထားတယ်"

ကရင်ပြည်နယ် ဘားအံ အကျဉ်းထောင်မှာ ထောင်ဒဏ် နှစ်ပေါင်း ၈၀ အကျဉ်းကျခံနေရတဲ့ ဒေါ်နန်းခင်ထွေးမြင့် ဟာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၅၀၅ (ခ) နဲ့ ၂ နှစ်၊ အဂတိ လိုက်စားမှု တစ်မှုကို ထောင်ဒဏ် ၁၅ နှစ်နဲ့ ငါးမှု ပေါင်းလိုက်ရင် ၇၅ နှစ်၊ ရွေးကောက်ပွဲ ဆိုင်ရာ အမှုအတွက် ရာဇသတ်ကြီးပုဒ်မ - ၁၃၀ (က) အမှုတွေအရ နှစ်ပေါင်း ၈၀ အကျဉ်းကျခံနေရတာကို စစ်ကောင်စီက ပြစ်ဒဏ်တစ်ဝက် လျှော့ပေးလိုက်တာပါ။

ဒါ့အပြင် AA တပ်ဖွဲ့တွေနဲ့ ဆက်စပ်သူ ၄၆ ဦးကို အမှုရင်ဆိုင်နေရတာတွေကို ပြန်လည် ရုပ်သိမ်းလိုက်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။