နန်းယွန်းမြို့နယ်မှာ မြေပြိုပြီး လမ်းပိတ်နေလို့ ကုန်ပစ္စည်းတွေ ပြတ်လပ်
2024.07.11

စစ်ကိုင်းတိုင်း အထက်ပိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက နန်းယွန်းမြို့နယ်ကိုလာတဲ့ ကုန်သွယ်ရေးလမ်းတွေမှာ မိုးကြီးပြီး မြေပြိုတာနဲ့ တံတားတွေ ပျက်စီးနေတာကြောင့် ယာဉ်တွေသွားလာမရတော့ဘဲ ကုန်ပစ္စည်းတွေလည်း ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ဇူလိုင်လ ၁၁ ရက်နေ့မှာ ပြောပါတယ်။
မိုးသည်းထန်မှုကြောင့် တနိုင်း-နန်းယွန်းလမ်း၊ ပန်ဆောင်-နန်းယွန်းလမ်းနဲ့ လဟယ်-နန်းယွန်းလမ်းတွေ မြေပြိုတာ၊ ကားလမ်းတွေပျက်စီးတာနဲ့ တံတားတွေ ကျိုးကျပျက်စီးတာတွေ ဇွန်လဆန်းပိုင်းကတည်းက ရှိခဲ့တာပါ။
အချိန်တစ်လကျော် ကြာလာတဲ့နောက် လက်ကျန်ကုန်ပစ္စည်းတွ ဈေးတက်သွားသလို စားသောက်ကုန်တွေပါ ပြတ်လပ်လာလို့ ဒေသခံတချို့ ဆန်ပြုတ်သောက်နေရတဲ့ အခြေအနေအထိ ဖြစ်နေတယ်လို့ နန်းယွန်းဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီဒေသက ကချင်ပြည်နယ် မြစ်ကြီးနား၊ တနိုင်းက လမ်းကြောင်းကို ဖြတ်ပြီးလာရတာဖြစ်တဲ့အတွက် အခုက ဟိုဘက်ကနေ အဝင်ကို မရှိတော့တာ။ တစ်နေရာနဲ့ တစ်နေရာ သွားလာဖို့ ခက်တယ်။ အဓိက ဆန်ပေါ့လေ။ ဆန်ကလည်း အဝင်ကသိပ်မရှိသလို ရှိတဲ့ဆန်တွေကလည်း အင်မတန်မှ စျေးမြောက်တယ်။ တောင်ယာတွေကလည်း စပါးတွေက မထွက်သေးဘူး။ တချို့မိသားစုတွေက ဆန်မဝယ်နိုင်တော့တဲ့အခါမှာ ဆန်ပြုတ် ပြုတ်စားရတာတွေလည်းရှိနေတယ်”
ရာသီဥတုဒဏ်ကြောင့် နဂဒေသတစ်ခုလုံး လမ်းတံတားပျက်စီးမှုတွေရှိနေပြီး ပျက်စီးမှုတွေ များပြားတာကြောင့် ပြန်လည်ပြုပြင်ဖို့အတွက် နိုင်ငံတော်အဆင့် ဘဏ္ဍာငွေနဲ့သာ ပြုပြင်နိုင်မယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။
ဇွန်လကုန်ပိုင်းကစလို့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးကြီးပြီး မြေပြိုတာ၊ ရေကြီးရေလျှံမှုဖြစ်တာတွေ ကြုံတွေ့နေရပြီး မြစ်ကြီးနား-ပူတာအိုလမ်းလည်း မြေပြိုမှုကြောင့် ယာဉ်တွေသွားလာမရဘဲ ကုန်သွယ်ရေး ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။