နွားထိုးကြီးမြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေ

RFA Burmese
2024.08.10
နွားထိုးကြီးမြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့အဝင် တစ်နေရာကို တွေ့ရစဥ်။
Citizen Photo

မန္တလေးတိုင်း နွားထိုးကြီးမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက သြဂုတ်လ ၁၀ ရက် ဒီနေ့မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နွားထိုးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ မြို့မရဲစခန်းနေရာတွေမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း တိုက်ပွဲဖြစ်ရာနေရာတွေကို လေကြောင်းနဲ့ ဗုံးကြဲနေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီနေ့ မနက်စောစော ၅ နာရီလောက်မှာ စဖြစ်တာ။ ထွေအုပ်ရုံးနဲ့ ရဲစခန်းကို ဝင်တိုက်တာ။ ကာကွယ်ရေးတပ်တွေဘက်ကလည်း ထိခိုက်မှုများတယ်လို့ ကြားတယ်။ ထွေအုပ်ရုံးနဲ့ ရဲစခန်းက စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတယ်။ အခုတော့ လေကြောင်းပစ်ကူလာပြီး လေယာဥ်နဲ့ ဗုံးကြဲနေတယ်။ အထိအခိုက်တွေ အသေးစိတ်မသိရသေးဘူး”

နွားထိုးကြီးမြို့နယ်နဲ့ နယ်မြေချင်းတစ်ဆက်တည်းဖြစ်တဲ့ တောင်သာမြို့နယ် ဝဲလောင်ရွာအနီးမှာလည်း ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး ဝဲလောင်ရွာကို စစ်ကောင်စီတပ်က မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

နွားထိုးကြီးမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့ကစလို့ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေခဲ့ပြီး စစ်ကောင်စီတပ်က ရွာငါးရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။