တိုက်ပွဲကြောင့် နွားထိုးကြီးဒေသခံတွေ မြို့ကိုစွန့်ခွာ
2024.08.11
မန္တလေးတိုင်း နွားထိုးကြီးမြို့ပေါ်မှာ မနေ့က တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် သြဂုတ်လ ၁၁ ရက် ဒီနေ့အထိ မြို့ပေါ်မှာနေထိုင်တဲ့ ဒေသခံတစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ နွားထိုးကြီးမြို့ခံတွေက ပြောပါတယ်။
ဒီနေ့မနက်မှာတော့ တိုက်ပွဲတွေ ငြိမ်သက်နေပြီး မြို့ပေါ်မှာ စစ်ကောင်စီ တပ်သားတွေ မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။ လက်ရှိမှာ မြို့ပေါ် လူဦးရေရဲ့ တစ်ဝက်ကျော်က မြို့ကိုစွန့်ခွာသွားကြပြီလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မြို့ထဲမှာ လူတော်တော်များများက ရှောင်နေကြပြီ။ မနေ့က ညနေပိုင်းကတည်းက စရှောင်ကြတာပေါ့။ ဘုန်းကြီးကျောင်း တော်တော်များများမှာလည်း သွားနေတာတွေရှိတယ်။။ ရာခိုင်နှုန်းနဲ့ပြောရင် မြို့ပေါ် လူဦးရေရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းလောက် ရှိတယ်။ ရွာတွေဘက်ကလည်း စိုးရိမ်ကြတော့ တောတောင်တွေဘက် ရှောင်ကြတယ်။ အဆင်ပြေတဲ့သူ တော်တော်များများကတော့ မန္တလေးဘက်တွေ ရှောင်ကြတာပေါ့။ ကျွန်တော်တို့လည်း အရင်နေ့က ထွက်မရလို့ ဒီကနေ့ မနက်ခင်းကျမှ အလံဖြူထောင်ပြီး ထွက်လာခဲ့တာ”
မန္တလေးမြို့နဲ့ မိုင် ရှစ်ဆယ်ခန့်ဝေးတဲ့ နွားထိုးကြီးမြို့ဟာ ရပ်ကွက် ရှစ်ခုနဲ့ တိုးချဲ့ရပ်ကွက် တစ်ခုလည်းရှိပြီး လူဦးရေ နှစ်သောင်းကျော် နေထိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က တိုက်ပွဲမှာတော့ နွားထိုးကြီးမြို့ပေါ်က စစ်ကောင်စီအထိုင်ချ တပ်စခန်းနေရာတွေအထိ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ ရှစ်ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးတာတွေလည်းရှိသလို မြို့ပေါ် အဆောက်အအုံတချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နွားထိုးကြီးမြို့ အရှေ့ဘက် တစ်မိုင်ခန့်အကွာက တရုတ်နိုင်ငံကို သွယ်တန်းထားတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကိုလည်း ကာကွယ်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နွားထိုးကြီးမြို့အပြင် မြို့နယ်ချင်း ဆက်နေတဲ့ မြင်းခြံနဲ့ တောင်သာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကိုလည်း ကာကွယ်ရေးပူးပေါင်းတပ်တွေက မနေ့က တစ်ရက်တည်းမှာ တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
ဒါကြောင့် ရွာတွေက ပျူစောထီး တပ်ဖွဲ့ဝင်တချို့ မြင်းခြံမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီအထိုင်တပ်နဲ့ သွားရောက်ပူးပေါင်းလိုက်ပြီး မြို့ပေါ်မှာ ခံစစ်ပြင်ထားတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“မနေ့ ညနေပိုင်းလောက်ကျတော့ လေးရွာဆုံမှာ ကျန်တဲ့ပျူစောထီးတွေကို မြင်းခြံမြို့ပေါ်က စစ်တပ်နဲ့ ပျူစောထီး အယောက် လေးဆယ်လောက်က လာခေါ်သွားတယ်။ လောလောဆယ်တော့ လေးရွာဆုံမှာ ပျူစောထီးနဲ့ စစ်သား ကင်းစင်သွားတာပေါ့။ အခု သူတို့က မြင်းခြံမြို့ပတ်ချာလည်ကို ကတုတ်ကျင်းတွေ တူးတယ်။ အဓိကက မြို့ကို ကာကွယ်ဖို့နဲ့ ခံစစ်အနေအထား လုပ်နေတာ”
တောင်သာမြို့နယ်မှာလည်း မြို့နဲ့ ဆယ်မိုင်ခန့်ဝေးတဲ့ ဝဲလောင် ဓာတ်အားခွဲစက်ရုံကို မနေ့က ကာကွယ်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က အထိအခိုက် အကျအဆုံးရှိခဲ့တယ်လို့ တောင်သာမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
မြင်းခြံခရိုင်အတွင်းက ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဒီတိုက်ခိုက်မှုကို “မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO)” အဖြစ် ကြေညာထားပြီး မြင်းခြံ-နွားထိုးကြီးနဲ့ မြင်းခြံ-တောင်သာ လမ်းပိုင်းတွေ ဒေသခံတွေ လတ်တလော ဖြတ်သန်းသွားလာတာတွေ မလုပ်ဖို့ ထုတ်ပြန်ထားပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
မန္တလေးတိုင်းထဲက မိုးကုတ်နဲ့ စဥ့်ကူးမြို့တွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပြီး မတ္တရာနဲ့ သပိတ်ကျင်းမြို့နယ်တွေက စစ်ကောင်စီ တပ်စခန်းတချို့ကိုလည်း သိမ်းပိုက်ထားပါတယ်။
မန္တလေးမြို့နဲ့ ၁၄ မိုင်ခန့်ဝေးတဲ့ ပုသိမ်ကြီးမြို့နယ်က ရွာတွေမှာလည်း တိုက်ပွဲတွေရှိနေပြီး စစ်ကောင်စီကတော့ မန္တလေးမြို့ ပတ်ပတ်လည်မှာ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် မြို့ပေါ်မှာ အခိုင်အမာ ခံစစ်ပြင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။