နတ်သံကွင်းမြို့တိုက်ပွဲအတွင်း နေအိမ် အဆောက်အအုံတစ်ရာခန့် ပျက်စီး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် နေအိမ်နဲ့ အဆောက်အအုံ တစ်ရာခန့် ပျက်စီးသွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဒေသခံတွေက ဒီနေ့ ပြောပါတယ်။

ဒီဇင်ဘာ ၂၆ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြားမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတာတွေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဘာသာရေး အဆောက်အအုံနဲ့ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းအပါအဝင် အဆောက်အအုံ တစ်ရာဝန်းကျင် ပျက်စီးသွားတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေက နတ်သံကွင်းမြို့ထဲကို ကျရောက်ပေါက်ကွဲပြီး မြို့ထဲမှာလည်း ဒေသခံတွေ မရှိတော့တဲ့အတွက် မီးလောင်ကျွမ်းတာကို ငြှိမ်းနိုင်မှုမရှိခဲ့ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ခြောက်ရပ်ကွက် တစ်ရပ်ကွက်လုံးဆို ကုန်သလောက်ဖြစ်နေပြီ။ ၂၆ ရက်နေ့ကနေ ဆက်တိုက်ကို စကစက လေယာဉ်နဲ့ လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ မီးလောင်တာလည်း ဒါကြောင့်ပဲ။ အခုနောက်ပိုင်း သူတို့ ထုလိုက်တဲ့ လက်နက်ကြီးတွေက မီးကိုထလောင်တာ။ ထုလို့ ကျပြီဆိုတာနဲ့ မီးခိုးတလူလူထွက်တာ”

စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားတာကတော့ နတ်သံကွင်း မြို့တွင်းက လူနေအိမ်အဆောက်အအုံတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေမှာရှိတဲ့ နတ်သံကွင်းမြို့မှာ တိုက်ပွဲငြိမ်နေတာ နှစ်ရက် ရှိပြီဖြစ်ပြီး ဇန်နဝါရီ ၈ ရက်နေ့မှာတော့ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဆီကို ရိက္ခာနဲ့ လက်နက်ပို့ဆောင်နိုင်ရေးအတွက် စစ်ကောင်စီက လေကြောင်းကနေ အဆက်မပြတ် တိုက်ခိုက်နေသလို အနီးဝန်းကျင်က ကျေးရွာတွေထဲ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဇန်နဝါရီလ ၄ ရက်နေ့မှာ ဖြူးမြို့နယ် သစ်ချဆိပ်ကျေးရွာထဲကို လက်နက်ကြီး ကျရောက်ပါက်ကွဲလို့ ဒေသခံသုံးဦး သေဆုံးခဲ့ တယ်လို့ KNU က ဇန်နဝါရီလ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

လက်ရှိမှာ နတ်သံကွင်းမြို့ရဲ့ နေရာတော်တော်များများကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားဆဲ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရဲစခန်းထဲမှာ အဓိက အခြေချကာ ပြန်လည်ခုခံ တိုက်ခိုက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူး-၂ ဖြစ်တဲ့ ရဲဘော်တင်ဦးက RFA ကို ပြောပါတယ်။

“နတ်သံကွင်းထဲမှာ တိုက်ပွဲကြီးကြီးမားမား မရှိဘူး။ နှစ်ဖက်လုံးက စစ်ပန်းနေတဲ့ သဘောရှိတယ်။ လတ်တလော က မြို့ရဲ့ အရေးကြီးနေရာတွေကို ကျွန်တော်တို့ ဆက်ထိန်းချုပ်ထားတယ်။ စစ်ကောင်စီကတော့ ရဲစခန်းနား တဝိုက်မှာ တပ်စွဲထားပြီး ခုခံနေပါတယ်။ ရဲစခန်းထဲမှာ ရှိနေတယ်"

ဒီဇင်ဘာ ၂၆ ရက်နေ့ကနေ ဇန်နဝါရီ ၇ ရက်အတွင်း နတ်သံကွင်းရဲစခန်း တိုက်ခိုက်ခံခဲ့ရပေမယ့် စခန်းကို ကာကွယ်နိုင်ခဲ့ကြောင်းနဲ့ ဇန်နဝါရီ ၇ ရက်နေ့မှာတော့ ပြန်လည်ဆုတ်ခွာသွားတဲ့ တော်လှန်ရေး ပူးပေါင်း တပ်တွေဆီက လက်နက်၊ ခဲယမ်းတွေကို သိမ်းဆည်းနိုင်ခဲ့ကြောင်း စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။