နောင်ချိုမြို့ ရွာခြောက်ရွာက ဒေသခံခြောက်ရာကျော် နေရပ်မပြန်နိုင်သေး

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် လုံခံရွာအနီးမှာ စစ်ကောင်စီ တပ်နဲ့ မန္တလေးတိုင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား စစ်ရေးတင်းမာနေဆဲ ဖြစ်တာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံ ခြောက်ရာကျော် နေရပ်ပြန်ဖို့ အခက်အခဲရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ပွဲထပ်ဖြစ်မယ်ဆိုတဲ့ သတင်းမျိုး ထပ်ကြားတာကြောင့် ရွာခဏပြန်သူတွေတောင် ပြန်လာကြရတယ်လို့ ဟိုခိုရွာမှာ ထွက်ပြေးခိုလှုံနေရတဲ့ လုံခံရွာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျေးရွာဘက်က အခြေအနေတွေက သိပ်မတည်ငြိမ်သေးတော့ မပြန်ရဲကြသေးဘူး၊ ဒီနေ့ဆို တိုက်ပွဲဖြစ်မယ်ဆိုတဲ့ အသံမျိုး ထပ်ကြားတော့ ရွာခဏပြန်တဲ့သူတွေတောင် ပြန်ပြေး လာကြတယ်”

နောင်ချိုမြို့နယ် လုံခံရွာနဲ့ ကုလားကွဲရွာအနီးမှာ ဩဂုတ် ၂၄ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ တပ်နဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့တာကြောင့် လုံခံ၊ ကုလားကွဲ၊ ကြံခင်း၊ နားဖာ အပါအဝင် အနီးအနားရွာခြောက်ရွာကျော်က ဒေသခံရှစ်ရာဝန်းကျင် ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတာပါ။

တိုက်ပွဲအခြေအနေ အနည်းငယ်ငြိမ်နေပေမယ့် ရွာတွေကို မပြန်ရဲကြသေးဘူးလို့ ဒိုးပင်ရွာမှာရောက်နေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီရက်ပိုင်းတော့ နည်းနည်းလေး ငြိမ်နေတာပေါ့နော်။ ဒါပေမဲ့ ဒုက္ခသည်တွေက မပြန်ရဲ ကြသေးဘူး။ ဘုန်းကြီး ကျောင်းမှာပဲ နေနေကြတုန်း။ စားစရာတော့ အဆင်ပြေ သလောက် ရှိပေမယ့် လူများတော့ ရေတော့ နည်းနည်း အခက်အခဲရှိတယ်”

လက်ရှိ နီးစပ်တဲ့ ဘေးလွတ်ရာ ဆွေမျိုးတွေအိမ်မှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေထဲက ကျန်နေတဲ့ ဒုက္ခသည် ခြောက်ရာဝန်းကျင်လောက်ထဲမှာ ဒိုးပင်ရွာဘုန်းကြီးကျောင်းမှာ ငါးရာ ဝန်းကျင်လောက် ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ နိုင်ငံတကာအဖွဲ့အစည်းတချို့က စားသောက်စရာတွေ လှူဒါန်းတာ ရှိခဲ့ပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်လို့ ဒုက္ခသည်တွေ ကာလကြာရှည် နေရပ် မပြန်နိုင်ရင်တော့ စားသောက်စရာတွေ ဒီထက်ပို လိုအပ်လာမယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။