နေပြည်တော်ကောင်စီနယ်မြေမှာ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖွင့်လှစ်ဖို့အတွက် နေပြည်တော် ကောင်စီနယ်မြေ ဥက္ကဌ ဒေါက်တာမျိုးအောင်နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်သစ် က ပြောပါတယ်။
တက္ကသိုလ်တည်ထောင်ဖို့အတွက် တစ်နှစ်အတွင်း အစီအစဉ်ရေးဆွဲသွားမှာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်သစ်က ပြောပါတယ်။
"ကျနော်တို့ ဒီအစီအစဉ်ရေးဆွဲမှုကတော့ ခန့်မှန်းခြေအားဖြင့် ၁ နှစ်အတွင်းလောက်တော့ ပေါ်လာလိမ့် မယ်လို့တော့ ကျနော်တို့ မှန်းတယ်ပေါ့ဗျာ၊ လက်တွေ့အကောင်အထည်ဖော်တာကတော့ အဲ့ဒီထက်တော့ ကျနော်တို့ အချိန်နည်းနည်းပိုပြီးတော့ ယူရနိုင်ပါတယ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် လည်း နေပြည်တော်မှာ တက္ကသိုလ်တစ်ခု ပေါ်ပေါက်လာစေချင်တဲ့ ဆန္ဒရှိတယ်လို့တော့ ကျနော်တို့ သိထားပါတယ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အစီအစဉ်မှာလည်း ကျနော်တို့က တစ်တပ်တစ်အားပေါ့ ဗျာ အားဖြည့်ကြဖို့ပေါ့ "
နေပြည်တော်မှာ တက္ကသိုလ်တည်ထောင်ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ဆန္ဒရှိနေတယ်လို့လည်း ပြောပါတယ်။
တက္ကသိုလ်ကို ဘယ်နေရာမှာတည်ဆောက်မယ်ဆိုတာကို နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့နဲ့ ညှိနှိုင်းဆောင်ရွက်မှာဖြစ်ပြီး မြေဧက ထောင်ဂဏန်းလောက်အထိ လိုအပ်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ နဲ့ ဇေယျာသီရိမြို့နယ်တို့မှာ လူဦးရေ တစ်သန်းကျော်ရှိပြီး တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေဟာ မန္တလေးတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ် နဲ့ မိတ္ထီလာတက္ကသိုလ်တို့မှာ ပညာသင်ကြားနေရတာဖြစ်ပါတယ်။
ဇေယျာသီရိမြို့နယ်မှာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆေးတက္ကသိုလ်နဲ့ သစ်တောတက္ကသိုလ်တို့ရှိပြီး ဇမ္ဗူသီရိမြို့နယ်မှာ မကြာခင် အားကစားတက္ကသိုလ်တစ်ခုဖွင့်လှစ်ဖို့လည်း ရှိပါတယ်။