နေပြည်တော်မှာ ပူးတွဲစစ်ဆင်ရေး လုပ်ဆောင်နေကြောင်း PDF ပြော

နေပြည်တော်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF သုံးဖွဲ့ မဟာမိတ်အဖြစ်နဲ့ ပူးတွဲစစ်ဆင် ရေးလုပ်ဆောင်နေပြီး စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းတွေကိုလည်း ရာထူးတာဝန် ကနေ နုတ်ထွက်ကြဖို့ ဖေဖောဝါရီ ၁၅ ရက် ဒီနေ့မှာ သတိပေးကြေညာချက် ထုတ်ပြန် ပါတယ်။

နေပြည်တော်မှာ PDF သုံးဖွဲ့ ပူးတွဲစစ်ဆင်ရေးလုပ်ခဲ့တာနဲ့ ပတ်သက်လို့ မြို့ပြပြောက်ကျား မဟာမိတ် တပ်ပေါင်းစုကွန်ရက်က ကိုအေးချမ်း က ပြောပါတယ်။

"အရင်တုန်းကတော့ တစ်ဖွဲ့စီ လှုပ်ရှားကြတာ။ အခုမဟာမိတ်အနေနဲ့ ပထမဆုံး လှုပ်ရှားမှုလုပ်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ယောက်သွားအင်း အထွေထွေအုပ်ချုပ် ရေးမှူးရုံး ဖောက်ခွဲမှု စစ်ကောင်စီတပ်သားတွေ မြေပြင်မှာတင် သေခဲ့တာရှိပါတယ်"

အဲဒီသုံးဖွဲ့ကတော့ ပျဉ်းမနားတော်လှန်ရေးတပ်မတော် (PRA)၊ စစ်တောင်းမြို့ပြ ပြောက်ကျားအဖွဲ့ ၊ ဖိုးစောင့်တောင် လူငယ်ပြောက်ကျားအဖွဲ့ စတဲ့ PDF မဟာမိတ် တပ်တွေ အဲဒီကွန်ရက်မှာ ပါဝင်ပါတယ်။

နေပြည်တော် ရှစ်မြို့နယ်အတွင်းမှာလည်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားရပ်တန့်ရေး စစ်ဆင်ရေးကိုလည်း လာမယ့်ရက်သတ္တပတ်အတွင်း လုပ်ဆောင်သွားမယ်လို့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်ကလည်း နေပြည်တော် ပျဉ်းမနားမြို့က ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရုံးခွဲ၊ မြဝတီဘဏ်နဲ့ ယောက်သွားအင်း အုပ်ချုပ်ရေးမှူးရုံးတို့ကို နေပြည်တော် မြို့ပြပြောက်ကျားအဖွဲ့တွေက ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီဘက်ကလည်း နိုင်ငံတစ်ဝန်း ဒီလိုတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ဖမ်းဆီး စစ်ဆေးမှုတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေပါတယ်။