၂၁ ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်နိုင်ဖို့အတွက် NCA မှာ လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးနိုင်ဖို့ ညီလာခံပြင် ဆင်ရေးကော်မတီက ပြင်ဆင်နေပါတယ်။
NCA မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေအနေနဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ ဘယ်လိုပါဝင် လာနိုင်မလဲဆိုတာကို သူတို့သဘောထားကို မေးမြန်းဆွေးနွေးမှာဖြစ်တယ်လို့ ၂၁ ရာစုပင်လုံညီလာခံ ပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောပါတယ်။
"လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ကျနော်တို့ တွေ့ရှိပြီးတော့မှ ပြင်ဆင်ဖို့ ကတော့ ဒေါက်တာတင်မျိုးဝင်း ကိုယ်တိုင်ပဲ ဦးဆောင်နေပါတယ်၊ ညီလာခံကျင်းပချိန်မတိုင်မီမှာ ချိတ်ဆက်ထိတွေ့ဖို့တင်မဟုတ်ဘူးဗျ သူတို့တွေပေးထားတဲ့မူဝါဒထဲမှာပဲ သူတို့ဘယ်လိုပါဝင်လာနိုင်မလဲ ဆိုတဲ့ဟာကိုလည်း ပြင်ဆင်ဖို့ရှိပါတယ်၊ ကျနော်တို့ အဆုံးအဖြတ်ပေါ့လေ ပေးဖို့မဟုတ်ပေမယ့် ပေးထားတဲ့ မူဝါဒကနေ၊ တိုင်းရင်းသားတွေဘက်ကနေပြီးတော့ ပြန်ဆွေးနွေးလာတာတွေပဲ မူဝါဒပေးတဲ့ လူကြီးတွေ ဆီကနေ ပြန်ပြီးမေးမြန်းဆက်သွယ်ပြီး အကြောင်းပြန်ပေးဖို့ပါ"
NCA မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေထဲက တအာင်းလက်နက်ကိုင်အဖွဲ့ TNLA က သူတို့ဆီ ဆက်သွယ် လာတာမရှိသေးကြောင်းနဲ့ အားလုံးပါဝင်နိုင်ရေးမူကို ကြိုဆိုကြောင်း TNLA ပြန်ကြားရေး ဌာနမှူး ဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောပါတယ်။
"NCA မှာလည်း အားလုံပါဝင်ဖို့မူကလည်း အထုတ်ခံထားရတယ်ပေါ့နော်၊ ဘယ်အဖွဲ့အစည်းကပဲဖြစ်စေ ငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ အားလုံးပါဝင်ရေး ဆောင်ရွက်မယ်ဆိုရင်တော့ ကျနော်တို့လည်းပါဝင်ဖို့ အဆင်သင့်ရှိတယ်၊ ဒီဟာကတော့ ကောင်းတဲ့လက္ခဏာဖြစ်တယ်၊ တချို့အဖွဲ့တွေ ဆွေးနွေးပြီးတော့ တချို့အဖွဲ့တွေ ချန်ထားမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးလည်းဖြစ်လာမှာ မဟုတ်ဘူး၊ တစ်နိုင်ငံလုံးအတိုင်း အတာ အပစ်အခက်ရပ်စဲရေးလည်း ဖြစ်လာမှာ မဟုတ်ဘူး"
၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် ဇူလိုင်လကုန်မှာ ကျင်းပနိုင်ဖို့ လျာထားပြီး NCA မှာ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ ညှိနှိုင်းဖို့ ဆပ်ကော်မတီတစ်ရပ်နဲ့ NCA မှာ လက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့တွေနဲ့ ညှိနှိုင်းဖို့ ဆပ်ကော်မတီ တစ်ရပ်ကိုလည်း မကြာခင်ဖွဲ့စည်းတော့မှာဖြစ်ပါတယ်။
NCA မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၈ဖွဲ့နဲ့ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ညီလာခံ ပြင်ဆင်ရေးကော်မတီဟာ ပြီးခဲ့တဲ့ မေလ ၁၉ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
NCA မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေက ကချင်လွတ်မြောက်ရေးတပ်မတော် KIA/KIO၊ တအာင်း လက်နက်ကိုင်အဖွဲ့ TNLA၊ မြန်မာအမျိုးသားဒီမိုကရက်တစ် တပ်မတော် MNDAA၊ AA လက်နက်ကိုင်အဖွဲ့၊ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည် တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA စတဲ့ လက်နက်ကိုင်အဖွဲ့တွေဖြစ်ပါတယ်။
ဒီအကြောင်းအသေးစိတ်ကို ၂၁ ရာစုပင်လုံညီလာခံ ပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင် ဦးလှမောင်ရွှေကို RFA သတင်းထောက် မဇင်မာဝင်းက ဆက်သွယ်မေးမြန်းထားပါတယ်။