NCA ထိုးထားတဲ့ အဖွဲ့တွေ စစ်ကောင်စီတပ်ကို လာနိုင်ကြောင်း စစ်ကောင်စီခေါင်းဆောင်ပြော

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နောက်ပိုင်း လက်နက်ဆက်ကိုင်ချင်ရင် စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့် တပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်ခွင့် ပေးမယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဩဂုတ်လ ၂၂ ရက်မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီခေါင်းဆောင်နဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေရဲ့ အစည်းအဝေးမှာ ထည့်ပြောခဲ့တာလို့ စစ်ကောင်စီရဲ့ သတင်းစာတွေမှာ ဒီကနေ့ ဖော်ပြထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ လက်နက်ဖြုတ်သိမ်းပြီး စစ်တပ်အောက် ဝင်ရမယ်ဆိုတဲ့မူကြောင့် တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ တိုက်ပွဲတွေက ရှည်ကြာနေရတာလို့ သုံးသပ်ပါတယ်။

“စစ်တပ်ရဲ့ ငြိမ်းချမ်းရေးဆိုတာက လက်နက် ချရင်ချ၊ မချရင် သူ့တပ်မှာ ပြည်သူ့စစ် လုပ်ဆိုတဲ့မူနဲ့ တစ်သက်လုံး လုပ်လာတာ။ အရင် ဗကပ လက်ထက်တုန်းကလည်း တိုင်းရင်းသား အဖွဲ့တွေ ငြိမ်းချမ်းရေးယူကြတာပဲလေ။ နောက်ပိုင်းတော့ လက်နက် ဖြုတ်သိမ်းရမယ်။ နယ်ခြားစောင့်တပ် လုပ်ရမယ်ဆိုတော့ အခုအင်အားကြီးတဲ့ “ဝ” တပ်ဖွဲ့ ၊ မိုင်းလားတပ်ဖွဲ့တောင် သီးသန့်နေလိုက်ကြတာ။ ကိုးကန့်ကတော့ နေရာပါ ပျောက်တော့ ပြန်တိုက်တာပေါ့။ အခုလည်း ဒီစကားကို ထပ်ပြောပြန်ပြီဆိုတော့ အင်အားကြီးတဲ့အဖွဲ့တွေက လက်ခံမလား စောင့်ကြည့်ရမယ်”

တိုင်းရင်းသားအခွင့်အရေး၊ ဒေသအခွင့်အရေးအတွက် နိုင်ငံရေးစင်မြင့်လွှတ်တော်မှာ ဆွေးနွေး ကြရမှာဖြစ်သလို စီးပွားရေးလုပ်လိုတဲ့ EAOs တွေကိုလည်း ဥပဒေနဲ့အညီ ခွင့်ပြုပေးမယ် လို့လည်း စစ်ကောင်စီခေါင်းဆောင်က မနေ့က အစည်းအဝေးမှာ ထည့်သွင်းပြောခဲ့တာပါ။

ပြည်သူတွေ ထိခိုက်နစ်နာအောင် ဆောင်ရွက်လို့ နစ်နာသူတွေဘက်က တိုင်ကြားရင် ဥပဒေနဲ့အညီ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း စစ်ခေါင်းဆောင်က သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောခဲ့ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ဖိတ်ခေါ်ပြီး ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ NCA လမ်းကြောင်းအတိုင်း ဆောင်ရွက်နေရာမှာ လက်ရှိအချိန်ထိ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့ ၁၀ ဖွဲ့အထိရှိနေပြီး အကြိမ်ကြိမ် ဆွေးနွေးမှုတွေကို ဆက်လက် လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဖို့ ပထမအကြိမ် ဖိတ်ခေါ်ရာမှာ NCA လက်မှတ်ရေးထိုးထားတဲ့ ခုနစ်ဖွဲ့နဲ့ မထိုးရသေးတဲ့ သုံးဖွဲ့ တက်ရောက်ခဲ့ပြီး ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးမှုကိုတော့ အခုရက်ပိုင်းအတွင်း နေပြည်တော်မှာ ပြုလုပ်နေတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။