မတ် ၁၆ ရက် ဆွေးနွေးပွဲမှာ ပုံသဏ္ဍာန် ပြောင်းရန် သဘောတူ


2015.03.01
ncct-mpc-305.jpg NCCT ခေါင်းဆောင်တွေနဲ့ မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC က အလုပ်အဖွဲ့ ကိုယ်စားလှယ်တွေ မတ်လ ၁ ရက်နေ့ က တွေ့ဆုံဆွေးနွေးနေစဉ်။
Photo: Aung Moe Myint/ RFA

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ မတ်လ ၁၆ ရက်နေ့မှာ NCCT ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ  ဆွေးနွေး ပွဲ ပုံသဏ္ဍာန် ပြောင်းပြီး ဆွေးနွေးသွားမှာဖြစ်ပြီး ဆွေးနွေး မည့် အကြောင်းအရာတွေကို နှစ်ဖက်သဘောတူညီ ခဲ့ကြတယ်လို့ သိရပါတယ်။

NCCT ခေါင်းဆောင်တွေနဲ့ မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC က အလုပ်အဖွဲ့ ကိုယ်စားလှယ်တွေ ဒီနေ့ နေ့လယ်ပိုင်းက နှစ်နာရီနီးပါး တွေ့ဆုံဆွေးနွေးခဲ့ ပြီးနောက် နှစ်ဖက်သဘောတူခဲ့ကြတာ ဖြစ်တယ်လို့ NCCT ဒုတိအအဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ် ဂွမ်မော် က ပြောပါတယ်။

“ဟိုးအရင် ကျနော်တို့ အစည်းဝေးတွေက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချူပ်မူကြမ်းကို အခန်း ၁ ကနေစပြီး တောက်လျှောက်သွားတဲ့ ပုံစံမျိုးပေါ့လေ၊ ဒါပေမဲ့ ဒီတစ်ခေါက်ကြတော့ အဲ့လိုမျိုးမဟုတ်ဘဲနဲ့ ဒီကျနော်တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချူပ်မှာ ကျနော်တို့ မပြီးပြတ်သေးတဲ့အပိုင်းတွေပေါ့၊ တပ်ပိုင်းဆိုင်ရာကိစ္စများကို သီးခြားခေါင်းစဉ် တစ်ခုအနေနဲ့ ဆွေးနွေးမယ်၊ အဲ့ဒါပြီးမှပဲ ဒီဟာကို ကျနော်တို့ ပြန်ပြီးမှအချောရေးမယ်ဆိုတဲ့ သဘောတွေပါ နောက်တစ်ခုကတော့ ဒီအခု ကျနော်တို့လတ်တလောဖြစ်နေတဲ့ တိုက်ပွဲတွေကိစ္စပါ ဒီတိုက်ပွဲတွေ ဘယ်လိုလျှော့ချမလဲ ဘယ်လိုလုပ်တိုက်ပွဲတွေ လုံးဝပပျောက်သွားတဲ့အထိ ဘယ်လိုကြိုးစား ကြမလဲဆိုတဲ့အပိုင်းကို သီးသန့်ခေါင်းစဉ်တစ်ခုအနေနဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်"

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာကျင်းပမည့် ခုနှစ်ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးက ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးမှာဖြစ်ပြီး NCCT အဖွဲ့က ခေါင်းဆောင် သုံးဦးဖြစ်တဲ့ ဦးနိုင်ဟံသာ၊ ပဒို ကွယ်ထူးဝင်း၊ ဗိုလ်ချူပ် ဂွမ်မော် တို့လည်း တက်ရောက်ကြမှာဖြစ်တယ်လို့ ဆက်ပြောပါတယ်။

သုံးရက်ကြာ ဆွေးနွေးမှုအပြီး နှစ်ဖက်ခေါင်းဆောင်တွေအနေနဲ့ ဆွေးနွေးပွဲကျင်းပမည့် ပုံသဏ္ဍန်၊ Agenda စတာတွေ နဲ့ ပတ်သက်ပြီး ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“အခု ခုနှစ်ကြိမ်မြောက် ဆွေးနွေးပွဲသည် ပြည်သူလူထု မျှော်လင့်တဲ့ပေါ့လေ NCA လက်မှတ်ရေးထိုးနိုင်မည့် နောက်ဆုံးညှိနှိုင်းပွဲဖြစ်ဖို့ နှစ်ဖက်လုံးကတော့ လိုလားတယ်၊ အဲ့သလို နှစ်ဖက်လုံးလိုလားတဲ့အတွက် နှစ်ဖက်လုံးကတော့ ဘယ်လို Agenda ဆွဲမယ် ဘယ်လို ကျင်းပမယ်ဆိုတာ အသေးစိတ်ကိုတော့ ကျနော်တို့ ညှိထားပြီးဖြစ်တယ် ကျနော်တို့ တင်ပြနိုင်တာကတော့ ဒီဆွေးနွေးပွဲ ဒီတစ်ကြိမ်မှာ ပြီးပြတ်နိုင်ဖို့ ရည်ရွယ်ပြီးတော့ ညှိနှိုင်းတာဖြစ်တဲ့အတွက်တော့ နှစ်ဖက် လုံးကတော့ အပြုသဘောဆောင်တဲ့ အနေအထားလို့  ပြောလို့ရတယ်”

UPWC နဲ့ ခုနှစ်ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲအတွက် လေ့လာသူ အသိသက်သေအဖြစ်တက်ရောက် ဖို့ နိုင်ငံတကာက မိတ်ဆွေတချို့ကို ဖိတ်ကြားဖို့ရှိပြီး ဒါကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်တွေ ထပ်မံဆွေးနွေးပြီး မကြာခင်မှာ MPC ကို အဆိုပြုပေးပို့ သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။