NDAA ခေါင်းဆောင် ဦးစိုင်းလင်း ကွယ်လွန်
2024.08.09
[Update: 7: 05 PM, Aug 9, 2024]
ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ(၄) မိုင်းလားဒေသရဲ့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) ဥက္ကဋ္ဌ အသက် ၇၆ နှစ်အရွယ် ဦးစိုင်းလင်းဟာ ဩဂုတ်လ ၇ ရက်နေ့က နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ ဦးစိုင်းလင်းရဲ့ ဈာပနကျင်းပရေးကော်မတီက ဩဂုတ်လ ၉ ရက်နေ့ ဒီကနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဦးစိုင်းလင်းရဲ့ ဈာပနအခမ်းအနားကို ဩဂုတ်လ ၂၃ ရက်နေ့မှာ မိုင်းလားမြို့မှာ ကျင်းပမှာဖြစ်ပြီး အထူးဒေသတစ်ခုလုံး ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလအဖြစ် ဩဂုတ်လ ၁၀ ရက် မနက်ဖြန်မှာ စတင်မယ်လို့ ဈာပနကျင်းပရေးကော်မတီက ပြောပါတယ်။
ဒီကာလအတွင်း တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းကာကွယ်ဖို့ အထူးဒေသ (၄) ကို ဝင်ရောက်လိုသူတွေ အနေနဲ့ ရဲဌာနကို အသိပေးတင်ပြရမှာဖြစ်ပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရမယ်လို့ ဖော်ပြပါတယ်။ အထူးဒေသ (၄) ကနေ ပြင်ပထွက်ခွင့်ကိုတော့ ကန့်သတ်မထားဘူးလို့ ဆိုပါတယ်။
သူ ဆုံးပါးသွားခဲ့တာဟာ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆုံးရှုံးမှုဖြစ်သလို မိုင်းလားအထူးဒေသတစ်ခုလုံးရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ တရုတ် - မြန်မာနယ်စပ် တည်ငြိမ်ရေးကို ကာကွယ်စောင့်ရှောက်သူ ဖြစ်သလို မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွေလည်း လုပ်ခဲ့တယ်လို့ ဈာပနကျင်းပရေးကော်မတီက ပြောပါတယ်။
ဦးစိုင်းလင်းဟာ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ရဲ့ အမှတ် (၈၁၅) စစ်ဒေသ တပ်မှူးတစ်ဦးဖြစ်ပြီး ၁၉၈၉ ခုနှစ်၊ ဧပြီလမှာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကနေ ခွဲထွက်ကာ NDAA ကို တည်ထောင်ခဲ့ပါတယ်။
အဲဒီနောက် ၁၉၈၉ ခုနှစ်၊ ဇွန်လထဲမှာပဲ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့ပါတယ်။
ဒါကြောင့် အရင်က ဗကပ လက်ထက် အမှတ် (၈၁၅) စစ်ဒေသလို့ ခေါ်တဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းက နမ့်ပန်း၊ ဆီလူးနဲ့ မိုင်းလားဒေသတွေကို အုပ်ချုပ်ခွင့်ရခဲ့တယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအင်စတီကျု (ISP-Myanmar) က ဖော်ပြထားပါတယ်။
လက်ရှိ NDAA ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးထိန်လင်းဟာ ဦးစိုင်းလင်းရဲ့ သားဖြစ်ပြီး ဌာနချုပ်ကိုတော့ မိုင်းလားမြို့မှာ အခြေစိုက်ထားပါတယ်။
ဦးစိုင်းလင်းဟာ ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်ရဲ့ သမက်လည်းဖြစ်သလို ကိုးကန့်တပ်မတော် (MNDAA) ရဲ့ လက်ရှိခေါင်းဆောင် ဖုန်တာရွှင်နဲ့ ယောက်ဖတော်စပ်သူလည်း ဖြစ်ပါတယ်။
(မှတ်ချက် - မူလသတင်းတွင် ဈာပနကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်ပါ အချက်အလက်များကို ထပ်မံဖြည့်စွက်ထားပါသည်။)