ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင် ထဲမှာ ဇန်နဝါရီ တစ်လအတွင်း တိုက်ပွဲပေါင်း ၃၂၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက် က ဒုတပ်ရင်းမှူးအဆင့်ရှိသူတစ်ဦး အပါအဝင် ၁၉၄ ဦး သေဆုံးခဲ့ကြောင်း KNU - မူတြော် သတင်းစဉ်က ဖေဖော်ဝါရီလ ၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ဇန်နဝါရီလထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ နေ့စဉ်လိုလို တိုက်ပွဲများဖြစ်ပွားခဲ့ပြီး KNLA ဘက်ကလည်း သုံးဦး သေဆုံးခဲ့ တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး၊ တပ်ခွဲမှူးအဆင့်တွေ အပါအဝင် ၂၀၁ ဦး ဒဏ်ရာရခဲ့ပြီး KNLA ဘက်ကလည်း ၁၂ ဦး ဒဏ်ရရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သား ငါးဦး သေဆုံးခဲ့သလို ၁၈ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ KNLA က ဆိုပါတယ်။
ဒီထုတ်ပြန်ချက်ပါ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည် ပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကိုလည်း ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
ကရင်ပြည်နယ်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုအရေအတွက်နဲ့ ပတ်သက်ပြီး ယခင်က KNU ရဲ့ ထုတ်ပြန်ချက်တွေအပေါ်မှာတော့ စစ်ကောင်စီဘက်က ငြင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာပဲ KNU တပ်မဟာ (၅) နယ်မြေထဲကို စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ သုံးကြိမ် လာရောက်တိုက်ခိုက်ခဲ့ပြီး ဗုံး ၁၄ လုံးကြဲချခဲ့တယ်လို့ KNU ရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အရပ်သားတွေ လုပ်ကိုင်စား သောက်တဲ့ လယ်ယာ၊ ခြံမြေများထဲကို လက်နက်ကြီးကျည် ၁၈၂ လုံး ပစ်ခတ်ခဲ့တယ် လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။