ဆီဆိုင်တိုက်ပွဲကြောင့် ထွက်ပြေးရသူတွေ အကူအညီလိုအပ်နေ

RFA Burmese
2024.08.24
ဆီဆိုင်တိုက်ပွဲကြောင့် ထွက်ပြေးရသူတွေ အကူအညီလိုအပ်နေ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထွက်ပြေးနေရသည့် ဒေသခံအချို့အား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့တွင် PNLA မှ ထုတ်ပြန်ထားစဉ်။
Telegram/ PNLA News&Info

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ထဲက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရသူ သုံးထောင်ခန့်ရှိနေပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က သြဂုတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းက ရွာတွေဘက်ကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေက စားသောက်ကုန်၊ လူသုံးကုန်နဲ့ လယ်ယာသုံးပစ္စည်းသယ်ယူခွင့် ပိတ်ပင်ထားတာကြောင့် အခက်အခဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ PNLA က ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ်ကို စိုးရိမ်တာကြောင့် မကြာခဏ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဆီဆိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

“လေယာဥ်တွေနဲ့ တိုက်ခိုက်တယ်။ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်တယ်။ အခုဆိုရင် ဆီဆိုင်က စျေးတောင်မရှိဘူး။ လုံး၀ဟင်းလင်းပြင်ကြီးဖြစ်သွားပြီ။ စျေးတစ်ကြောလုံးလည်း အကုန်လောင်ကုန်တယ်။ စျေးနားက အိမ်တွေလည်း အကုန်ပျက်စီးကုန်တယ်။ တောထဲ ပြေးလိုက်ရှောင်လိုက်ပါပဲ။ ခဏခဏ ပြေးနေရတာပဲ"

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေး၀န်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဆီဆိုင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းအဖွဲ့တွေနဲ့ PNLA တို့ ဩဂုတ်လအတွင်း တိုက်ပွဲ ၁၄ ကြိမ်အထိ ဖြစ်ခဲ့ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိတာလည်းရှိခဲ့တယ်လို့ PNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။