ဘင်္ဂလားဒေ့ရှ်နိုင်ငံ သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Bangalanews24 ကနေ မနေ့က ရေးသားထားတဲ့ နေရပ် စွန့်ခွာရိုဟင်ဂျာတွေအတွက် မြန်မာနိုင်ငံအတွင်းမှာ Safe Zone တည်ထောင်ပေးရေးကို တရုတ်နိုင်ငံဘက်က သဘောတူထောက်ခံတယ် ဆိုတဲ့သတင်းဟာ အခြေအမြစ် လုံးဝမရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး က ဒီနေ့ ကြေညာချက် ထုတ်ပြန် ငြင်းဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်တွင်းမှာ Safe Zone တည်ထောင်မှာကို မထောက်ခံကြောင်း၊ တရုတ်အနေနဲ့ ရခိုင် အရေးကိစ္စအပေါ် ရပ်တည်ချက်ဟာ အမြဲတိကျကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ လက်မှတ်ရေးထိုး ထားတဲ့ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး စာချုပ်အတိုင်း ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေကို ဆောလျင်စွာ အကောင်အထည်ဖော်ရန်သာ တရုတ်ဘက်က ထောက်ခံကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။
တစ်ချိန်တည်းမှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က Safe Zone တည်ထောင်ပေးဖို့ အဆိုပြုချက်တွေကို သဘောမတူဘဲ အမြဲပယ်ချခဲ့ကြောင်း၊ Bangalanews24 ရဲ့ ရေးသားမှုဟာ လိုရာဆွဲ ရေးသားထားတာသာဖြစ်ကြောင်း၊ အဲလိုမမှန်မကန် သတင်းတွေဖြန့်ဝေတာကြောင့် ၂ နိုင်ငံအကြား နားလည်မှုလွဲမှားစေမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့အခြေစိုက် မြန်မာသံရုံးကလည်း ဒီနေ့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ်ဘက်က အချက် ၃ ချက် တင်ပြရာမှာ မြန်မာနိုင်ငံဘက်မှာ ရိုဟင်ဂျာ မွတ်စလင်တွေအတွက် Safe Zone ထားရှိရေးကလည်း အချက်တစ်ချက်အနေနဲ့ ပါဝင်တယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။