NLD နဲ့ အစိုးရကို ဝေဖန်တဲ့ လွှတ်တော်အမတ် ပါတီကနေ ထုတ်ပယ်ခံရ

ဖြူဖြူခိုင်
2020.05.09

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ လက်ရှိ လွှတ်တော်သက်တမ်းအတွင်းမှာ ပါတီဝင် ကိုယ်စားလှယ် တချို့ကို ပါတီတာဝန်ကနေ ရပ်ဆိုင်းတာ၊ ပါတီကနေ ထုတ်ပယ်တာတွေ စတဲ့ ပါတီတွင်းအရေးယူမှုတွေ မကြာ ခဏ လုပ်ဆောင်လေ့ရှိပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဝေဖန်ပြောဆိုသူတွေကို ပါတီကထုတ်ပယ်နေရာမှာ လွှတ်တော် ကိုယ်စားလှယ်တွေ ထုတ်ပယ်ခံရတာလည်း တစ်ဦးထက်မက ရှိလာပါတယ်။

ထုတ်ပယ်ခံရသူတွေဟာ ပါတီရဲ့စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်တယ်ဆိုပြီး ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်တာ၊ ပါတီတာဝန်ကနေ ရပ်ဆိုင်းရတာလို့ ပါတီရဲ့ အမိန့်ထုတ်ပြန်ချက်တွေမှာ ပြောထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက လည်း ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေစိုးကို ပါတီကနေ ထုတ်ပယ်လိုက်ပါတယ်။

မေလ ၃ ရက်နေ့က ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေစိုးကို ပါတီကနေထုတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ NLD ပါတီပြန်ကြားရေး အဖွဲ့ဝင် မုံရွာအောင်ရှင်က ပြောပါတယ်။

“ပါတီပိုင်းဆိုင်ရာကတော့ ပါတီစည်းကမ်းထိန်းသိမ်းရေးနဲ့  ငြိနေတယ်။ ပါတီစည်းကမ်းထိန်းသိမ်းရေးက အကြိမ်ကြိမ် သတိပေးတာမျိုး မလိုက်နာဘူးဆိုရင်တော့ ပါတီအနေနဲ့ အရေးယူတာပါပဲ။ ထို့အတူပါပဲ လွှတ်တော် ကိုယ်စားလှယ်များနဲ့ ပတ်သက်လို့လည်း ဒီအတိုင်းပါပဲ။ လွှတ်တော် ကိုယ်စားလှယ်ဆိုင်ရာ အရေးယူတဲ့အပိုင်းတွေက သပ်သပ်ရှိကြတာပဲ။ ချက်ချင်းရယ်လို့တော့ မဟုတ်ပါဘူး။ အဆင့်ဆင့်အရေး ယူတာရှိပါတယ်။ အဲဒီအရေးယူတဲ့ကိစ္စကိုလည်း ပါတီရဲ့အထွေထွေညီလာခံမှာ အယူခံယူပိုင်ခွင့်ရှိပါတယ်“

ဒေါ်မေစိုးဟာ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ဥပဒေဘောင်အတွင်းက ဆောင်ရွက်ရမယ့် ကိစ္စတွေကို မဆောင်ရွက်ဘဲ လူမှုကွန်ရက်ပေါ်မှာ မလိုလားအပ်တဲ့ ရေးသားမှုတွေနဲ့ အစိုးရကို ထိပါးစေမယ့် ဝေဖန်ချက်တွေ ရေးသားခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်မေစိုးကို စာနဲ့ နှစ်ကြိမ်တိုင် သတိပေးထားတာကို ဖောက်ဖျက်တာကြာင့် NLD ပါတီဝင်အဖြစ်ကနေ ရုပ်သိမ်းခဲ့တာလို့ ဆိုပါတယ်။

ပါတီကနေ ထုတ်ပယ်ခံရတာဟာ ကျောက်တံတားမြို့နယ် ၃၈ လမ်းဈေးမှာရှိတဲ့ ပျံကျဈေးသည်တွေကို ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဗိုလ်တထောင်မြို့နယ်မှာရှိတဲ့ ချမ်းမြေ့ဈေးကို ရွှေ့ပြောင်းရောင်းချဖို့ စီစဉ်တာကို ကန့်ကွက်ခဲ့တာနဲ့ သက်ဆိုင်တယ်လို့ လွှတ်ကိုယ်စားလှယ် ဒေါ်မေစိုးက ယူဆပါတယ်။

“၃၈ လမ်း လမ်းဘေးဈေးသည်တွေကို ချမ်းမြေ့ဈေးကို ပို့တာ ကျွန်မကနေပြီး မပို့နဲ့လို့ မပြောပါဘူး။ ဒါက စည်ပင်ပိုင်နယ်နိမိတ်က ဈေးထဲကိုပို့တာ ကျွန်မက တားစရာမလိုပါဘူး။ အခုကိုဗစ် 19 ဖြစ်တဲ့အခါကျမှ လတ်တလော ကျွန်မတို့ဆီကို ပို့လိုက်တာဖြစ်တယ်။ ကျွန်မမြို့နယ်ကို လမ်းဘေးဈေးသည်တွေ ပို့လိုက်တဲ့အခါ ကျွန်မမြို့နယ်က လူတွေက ပြောတဲ့အခါ ကျွန်မ သွားရောက်ဆွေးနွေးဖို့ ဖုန်းတွေလည်း အကြိမ်ကြိမ်ဆက် ကြိုးစားပါတယ်။ ဈေးသည်တွေ ဘယ်လိုနေရာချထားကြမလဲ ဆွေးးနွေးကြရအောင်လို့ ပြောတာကို လုံးဝအတွေ့မခံပါဘူး။ အဲဒါနဲ့ ကျွန်မက ဆိုရှယ်မီဒီယာကနေ မတော်မတရား မြို့တော်ဝန်က တစ်ဖက်သတ် ဆောင်ရွက်တယ်လို့ ရေးတဲ့အပေါ်မှာ သူတို့ကပါတီကို သွားတိုင်ပြီး  ပါတီက လက်လွတ်စပါယ် ကျွန်မကို ထုတ်လိုက်တာဖြစ်ပါတယ်“

ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ခံရတာနဲ့ပတ်သက်ပြီး ပါတီတာဝန်ရှိသူတွေက တရားဝင် အကြောင်းကြားတာမျိုး မရှိဘဲနဲ့ လူမှုကွန်ရက်ကနေတဆင့် သိရတာဖြစ်တယ်လို့ ဒေါ်မေစိုးက ပြောပါတယ်။

ဒီလိုအရေးယူတာနဲ့ပတ်သက်ပြီး  မှန်ကန်မှုမရှိဘူးထင်တာ၊ တစ်စုံတစ်ရာပြန်ပြီး ချေပလိုတာရှိရင် အယူခံလွှာ တင်သွင်းနိုင်တယ်လို့  NLD တာဝန်ရှိသူတွေက ပြောပေမယ့် အယူခံလွှာတင်သွင်းသွားမှာ မဟုတ်တော့သလို တခြားပါတီတွေကို ဝင်ရောက်သွားဖို့ အစီအစဉ်လည်း မရှိဘူးလို့ ဆိုပါတယ်။

နိုင်ငံရေးပါတီတစ်ခုက စည်းမျဉ်းစည်းကမ်းနဲ့အညီ သူ့ရဲ့ပါတီဝင်တွေအပေါ်မှာ အရေးယူတာ ပြစ်ဒဏ်ပေး ထုတ်ပယ်တာတို့ လုပ်တဲ့အပေါ်မှာ ဘာမှမပြောလိုပေမယ့် ကိုယ်စားလှယ်တွေကို ထုတ်တဲ့ကိစ္စတွေကို  ပွင့်လင်းမြင်သာစွာနဲ့ ထုတ်ပြန်ကြေညာပေးသင့်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ်ဟောင်း ဒေါက်တာညိုညိုသင်းက သုံးသပ်ပါတယ်။

“တချို့ကိုယ်စားလှယ်တွေအပေါ်မှာ ထုတ်ပယ်လိုက်တာမျိုးကို ဘာမှပြောစရာမလိုပေမယ့်လည်း ပြည်သူ လူထုအကျိုးစီးပွားကို မားမားမတ်မတ် ရပ်တည်ကာကွယ်ပြောဆိုနေတဲ့ ကိုယ်စားလှယ်တွေအပေါ်မှာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ဖိအားပေးတာတွေ အရေးယူတာတွေ ထုတ်ပယ်တာတွေ ရှိလာတဲ့အပေါ်မှာတော့ ပြည်သူ့အကျိုးစီးပွားရှေးရှုပြီးတော့ ဒီလိုကိစ္စတွေကို ဝေဖန် ချင်တယ်“

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပါတီရဲ့စည်းမျဉ်းကို ချိုးဖောက်တယ်ဆိုပြီး ပါတီဝင်အဖြစ်က ထုတ်ပယ် ခဲ့တာ လေးဦးခန့်ရှိပြီလို့ ဒေါက်တာမျိုးညွှန့်က RFA ကို ပြောခဲ့ဖူးပါတယ်။  ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ပါတီတွင်း ဆွေးနွေးရမယ့် အကြောင်းအရာတွေကို ပြင်ပကို ထုတ်ဖော်ပြောဆိုခဲ့တာတွေကြောင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို ပါတီက ထုတ်ပယ်ခဲ့ပါတယ်။

ဦးကျော်ဇေယျကတော့ ပါတီက ထုတ်ပယ်ခံခဲ့ရပြီးနောက်ပိုင်း ပြည်သူ့ရှေ့ဆောင်ပါတီ ( PPP ) ကို ဝင်ရောက် ခဲ့ပါတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီ ( PPP ) ကို ဦးဆောင်တည်ထောင်သူ တစ်ဦးဖြစ်တဲ့ ဒဂုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင်ဟာလည်း ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်ပိုင်းမှာ NLD ပါတီကနေ နုတ်ထွက်ခဲ့သူ ဖြစ်ပါတယ်။

ဒေါက်တာ သက်သက်ခိုင်ဟာ ပါတီကနေ မနုတ်ထွက်ခင်က လွှတ်တော်အတွင်းမှာ NLD အစိုးရရဲ့ စီးပွားရေး ဆိုင်ရာမှုဝါဒတွေနဲ့ ပတ်သက်ပြီး ထောက်ပြဝေဖန်ခဲ့တာကြောင့် ပါတီတာဝန်တွေကနေ ရပ်ဆိုင်ခံရတာတွေ ရှိခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရနိုင်ခြေ နည်းတယ်ဆိုပြီး ပါတီကနေ နုတ်ထွက်ပြီး သီးခြားပါတီ တည်ထောင်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။