ဒီပဲယင်း NLD အမတ်တွေရဲ့ မိသားစုဝင်တွေ အဖမ်းခံကြရ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အမတ်တချို့ရဲ့ မိသားစုဝင်တွေကို ဒီနေ့ ဩဂုတ်လ ၁၈ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒီပဲယင်း ဒေသခံတွေက RFA ကို ပြောပါတယ်။

တိမ်းရှောင်နေကြတဲ့ ဒီပဲယင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်နဲ့ တိုင်းဒေသကြီး အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမင်းဝင်းတို့ရဲ့ မိသားစုဝင်တွေကို ဒီနေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်မှာ စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်ရဲ့ အမျိုးသမီးရယ်၊ သားရယ်၊ ဦးဝင်းမြင့်အောင်ရဲ့ ညီ ကိုဆန်းလင်းရယ် အဖမ်းခံရပါတယ်။ တိုင်းဒေသကြီးအမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမင်း ဝင်းရဲ့ အစ်ကို ကိုကျော်ဆန်းရယ်၊ သူ့တူတစ်ယောက်ရယ် ဖမ်းခံရပါတယ်ဗျ"

စစ်ကောင်စီက ဦးဝင်းမြင့်အောင်ရဲ့ မိသားစုဝင်တွေကို စိုင်ပြင်ကျေးရွာက နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဦးမိုးမင်းဝင်းရဲ့ မိသားစုဝင်တွေကိုတော့ ဒီပဲယင်းမြို့နယ်မှာ ဖမ်းဆီးသွားခဲ့တာပါ။

ဒီပဲယင်းမြို့နယ် တိုင်းဒေသကြီး အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်နှင်းခိုင်စိုးရဲ့ မိသားစုဝင်တွေကို တော့ ကျန်းမာရေးအခြေအနေအရ အောက်ဆီဂျင်သုံးနေရတဲ့ အနေအထားဖြစ်တာကြောင့် ဖမ်းဆီးသွား တာမျိုး မရှိဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ လွှတ်တော် ကိုယ်စားလှယ်တွေကတော့ ရှောင်တိမ်းနေကြရပြီး ဖမ်းဆီးခံလိုက်ရတဲ့ မိသားစုဝင် တွေကို ဘယ်ကိုခေါ်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။