ပဲခူးတိုင်း တောင်ငူမြို့ ငွေလှံရပ်ကွက်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမိုးမခရဲ့နေအိမ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီလ ၁၂ ရက် နေ့လယ်က လာရောက်ချိပ်ပိတ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲဒီအိမ်မှာ လက်ရှိနေထိုင်ကြတဲ့ မိသားစုဝင်တွေကို အိမ်ပေါ်ကဆင်းခိုင်းပြီး ချိပ်ပိတ်ခံ လိုက်ရတာလို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဲဒီခြံဝန်းထဲမှာ အိမ်နှစ်အိမ်ရှိတယ်။ နှစ်အိမ်လုံး ချိပ်ပိတ်သွားတာ။ ပစ္စည်းတချို့ လည်း သူတို့ ယူသွားတယ်။ အဲဒီခြံထဲမှာနေကြတဲ့ သူ့အမျိုးသမီးရော၊ ယောက္ခမရော၊ မိသားစုဝင်တွေရော အကုန်ဆင်းခိုင်းပြီး ချိပ်ပိတ်သွားတာ”
အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH၊ ဒေသကာကွယ်ရေးအဖွဲ့ PDF တွေနဲ့ အဆက်အသွယ်ရှိလို့ ချိပ်ပိတ်တာဖြစ်ကြောင်း စာတွေရေးထားတဲ့ ဗီနိုင်းကိုလည်း အဲဒီခြံမှာချိတ်ဆွဲထားခဲ့တယ်လို့ ဆိုပါတယ်။
ဦးမိုးမခကတော့ လက်ရှိတခြားနေရာမှာ ရှောင်တိမ်းနေရပြီး အဲဒီနေ့တစ်ရက်တည်းမှာပဲ တောင်ငူမြို့က အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းဝင်းရဲ့ အိမ်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဓာတ်ပုံမှတ်တမ်းယူသွားကြတယ်လို့ တောင်ငူ မြို့ခံတွေက ပြောပါတယ်။
အလားတူ မကွေးတိုင်း မြိုင်မြို့နယ်မှာလည်း ဖေဖော်ဝါရီ ၁၃ ရက် မနေ့က PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အိမ်တချို့ချိတ်ပိတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။
ဖေဖော်ဝါရီ ၁၁ ရက်ကစလို့ မြိုင်မြို့ပေါ်က စစ်ကောင်စီကို ဆန့်ကျင်တယ်လို့ နာမည် ထွက်နေသူတချို့ အဖမ်းခံရပြီးနောက်ပိုင်း အခုလို နေအိမ်တွေ ချိပ်ပိတ်ခံရတာဖြစ်ပြီး ချိတ်ပိတ်ခံရတဲ့ အိမ်အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတော့ မသိရသေးပါဘူး။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ နေအိမ်နဲ့ အဆောက်အဦတွေ ချိပ်ပိတ်ခံရတဲ့ NLD ပါတီဝင်တွေ၊ လွှတ်တော်အမတ်တွေနဲ့ NLD ပါတီကို ဝန်းရံနေသူတွေ စုစုပေါင်း ၇၇ ဦးအထိရှိခဲ့တယ်လို့ NLD ပါတီက ထုတ်ပြန် ထားပါတယ်။