ပြည်သူကို အာဏာပြန်အပ်ဖို့ ဆက်လက်လုပ်ဆောင်မယ်လို့ NLD ကတိပြု

၂၀၂၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့ NLD ပါတီက တိုင်းပြည်အာဏာကို ပြည်သူ့လက် ပြန်အပ်ဖို့ လုပ်ဆောင်သွားမယ်လို့ ဒီကနေ့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ တစ်နှစ်ပြည့်နေ့မှာ ကတိပေး လိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း စစ်တပ်ဘက်က ဖိနှိပ်ချိုးဖောက်မှုတွေကို ရပ်တန့်ပြီး ဒီမို ကရေစီ ပြန်လည်ဖော်ဆောင်ရေး လုပ်ဆောင်လာဖို့ အမေရိကန်က ကြိုးပမ်းသွားမယ့်အကြောင်း ဒီကနေ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၈ ရက်နေ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အများစုအနိုင်ရခဲ့တဲ့ ၂၀၂၀ အထွေ‌ထွေ ရွေးကောက်ပွဲ တစ်နှစ်တင်းတင်း ပြည့်တဲ့နေ့ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်တပ်က ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကိုဖြုတ်ချ၊ ၂၀၂၀ ရွေး ကောက်ပွဲရလဒ်ကို လျစ်လျူရှုပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်တာကြောင့် ရွေးကေက်ပွဲ အနိုင်ရ လွှတ်တော်အမတ်တွေဟာ အခု တစ်နှစ်ပြည့်တဲ့အထိ ပြည်သူ့တာဝန်ကို ထမ်းဆောင်ခွင့်မရဘဲ တချို့ ဖမ်းဆီးနှိပ်စက်ခံရ၊ တချို့ သတ်ဖြတ်ခံရသလို တချို့ကလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ပြီး လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေပါတယ်။

စစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး ပြည်သူလူထုကို အာဏာပြန်လွှဲပေးဖို့ လိုအပ်တယ်လို့ NLD ပါတီ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ နေပြည် တော် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေးက ပြောပါတယ်။

"ကျွန်တော့်အနေနဲ့ ပြောရရင် လက်တလောရင်ဆိုင်နေရတဲ့ တိုင်းပြည်ရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ ဆိုရင် အကြမ်းဖက်တဲ့လုပ်ရပ်တွေ အကုန်ရပ်တန့်ဖို့လိုပါတယ်။ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတကြီးအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ပြန် လွှတ်ပေးဖို့လိုပါတယ်။ ပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အတိုင်း အကောင်အထည်ဖော်ပေးဖို့ကတော့ မဖြစ်မနေလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်လို့မြင်ပါတယ်။ ဒါပေမဲ့လည်း အခြားလုပ်ဆောင်စရာတွေ အများကြီးရှိနေပါသေးတယ်"

တချိန်တည်းမှာပဲ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းက ဆန့်ကျင်ဆန္ဒပြနေတဲ့ မြို့ပြသပိတ် တွေဟာလည်း ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ကချင်၊ ချင်း၊ တနင်္သာရီ စတဲ့ တိုင်းနဲ့ပြည်နယ်က မြို့ကြီးမြို့ငယ်တွေမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီကနေ့ ရွေးကောက်ပွဲ တစ်နှစ်ပြည့်နေ့အထိ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ကျဆုံးရေး မန္တလေးမှာ ဆန္ဒပြတောင်းဆိုနေတဲ့ ကိုသူရက ဒီမိုကရေစီမရမချင်း သူတို့ရဲ့ မြို့ပြသပိတ်တိုက်ပွဲတွေကို ရပ်တန့်မှာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

"ဒီနေ့ ဒီအချိန်အထိ လမ်းပေါ်ထွက်နေရတဲ့ အကြောင်းအရင်းကတော့ စစ်အာဏာရှင် မပြုတ်ကျသေးလို့ ဖြစ်တယ်။ ကျွန်တော်တို့ သပိတ်မှောက်တော်လှန်မှုတွေဟာ ဘာကိုအဓိကထားလဲဆိုရင် ကျွန်တော်တို့ အားလုံး မျှော်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရရှိရေးအထိ ကျွန်တော်တို့ ဆက်ပြီး တိုက်ပွဲဝင်သွားမယ်။ ပြီးတော့ တိုင်းပြည်တစ်ရပ်ထူထောင်နိုင်တဲ့အထိ ရည်မှန်းထားတဲ့အတွက်ကြောင့် ကျွန်တော်တို့ ဆက်ပြီးလုပ်ဆောင်နေတာပါ"

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ကလည်း "စစ်တပ်က အများယုံကြည်လက်ခံတဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့တဲ့အပြင်၊ နောက်ဆက်တွဲလုပ်ဆောင်နေတဲ့ အကြမ်းဖက်ဖြိုခွင်း မှုတွေက လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်မှုတွေကို ပိုမိုနှောင့်ယှက်နေခဲ့ပြီး ဒီမိုကရေစီစနစ်တစ်ရပ်ဆီ သွားနေတဲ့ ဆယ်စုနှစ်တစ်ခုစာ တိုးတက်မှုတွေကို နောက်ပြန်လှည့်စေခဲ့တယ်"လို့ ဒီကနေ့ ရွေးကောက်ပွဲ တစ်နှစ်ပြည့်နေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဖိနှိပ်ချိုးဖောက်မှုတွေအတွက် တရားမျှတမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေးအတွက် အမေရိကန်က ကတိပြုထားသလို စစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်ဖော်ဆောင်ဖို့ တောင်းဆိုကြောင်းလည်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

"ကျွန်တော်တို့အားလုံး မျှော်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရရှိရေးအထိ ကျွန်တော်တို့ ဆက်ပြီးတိုက်ပွဲဝင်သွားမယ်"

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ စစ်တပ်ဟာ ဒီမိုကရေစီကို ပြန်သွားမှာဖြစ်ပေမယ့် အမေရိကန်ကဖြစ်စေချင်တဲ့ ပုံစံမျိုးတော့ဖြစ်လာမှာ မဟုတ်ဘူးလို့ ဒီကနေ့ ရွေးကောက်ပွဲ တစ်နှစ်ပြည့်နေ့မှာ တုံ့ပြန်ပြောဆိုပါတယ်။

"ဒီမိုကရေစီစနစ်ကို ပြန်သွားဖို့ဆိုတာ သူတို့ တိုက်တွန်းစရာကိုမလိုဘူး။ ပြန်သွားမယ်လို့ ကျွန်တော်တို့ အာမခံပြီးဖြစ်တယ်။ သို့သော် သူတို့လိုချင်တဲ့ပုံစံတော့ ဖြစ်လာစရာအကြောင်းတော့မရှိဘူးဗျ။ ကျွန်တော် တို့သွားမှာက စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဆိုတဲ့ဟာကို သွားမှာဖြစ်တယ်။ သူတို့နိုင်စေ ချင်တဲ့သူ သူတို့ဖြစ်စေချင်တဲ့သူတော့ ဖြစ်ချင်မှ ဖြစ်မှာပေါ့ ဒါကတော့ ရှင်းရှင်းလေးပါ"

election-2020.jpg
(၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ နေပြည်တော် ဇေယျာသီရိမြို့နယ်မှာ မဲထည့်နေသူတစ်ဦးကို တွေ့ရစဥ်)

ဒီကနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုတွေကြောင့်ဖြစ်ပြီး နောက်ဆက် တွဲ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ရင် စစ်တပ်ကိုချည်း တဖက်သတ်ပြောနေတာ မမျှတဘူးလို့ သူက ဆိုပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသစ် Liz Truss ကတော့ "လာမယ့် တနင်္ဂနွေနေ့မှာ မလေးရှားနိုင်ငံကို တစ်ပတ် ကြာ သွားရောက်ဖို့ စီစဉ်ထားပြီး၊ အဲဒီခရီးစဉ်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံတဲ့အခါ မြန်မာပြည်အရေးကိုလည်း ထည့်သွင်းဆွေးနွေးမယ်" လို့ ရိုက်တာသတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး ကတော့ စစ်တပ်ဟာ ဒီမိုကရေစီလိုလားသူတွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အပြစ်ပေးအရေးယူမှုတွေကနေ ဘယ်နည်းနဲ့မှ လွတ်မြောက်ဖို့ မရှိဘူးလို့ သုံးသပ်ပြောဆိုပါတယ်။

"ပိုနေမြဲ ကျားနေမြဲ နိုင်တဲ့သူ အာဏာလွှဲပေးလိုက်ပြီးတော့ နဂိုအတိုင်းပြန်နေကြတော့မယ်ဆိုတဲ့ဟာထက် အဲဒီရှေ့တောက်လျောက် လူမျိုးစုတွေအပေါ် ကျူးလွန်ခဲ့တာတွေ၊ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက် တာတွေအတွက် အရေးယူမှုဆိုတဲ့ဟာတော့ ပြန်ပါလာလိမ့်မယ်။ မပါလို့လည်း မရဘူး"

စစ်တပ်က ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်း၊ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်ပြီးတဲ့နောက် စစ်ကောင်စီခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်သစ်က နောက်ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ် စားပြု (PR) စနစ်ကို ကျင့်သုံးဖို့ဆိုပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်ကနေ ၇ ရက်နေ့ထိ သုံးရက်ကြာ ပါတီ ၄၀ ကျော်က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး PR စနစ်ကို စတင်ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD၊ SNLD နဲ့ ANP အပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နိုင်ငံရေးပါတီ ၅၀ နီးပါး မတက်ရောက်ဘဲ သပိတ်မှောက်ခဲ့ပြီး USDP အပါအဝင် စစ်တပ်ထောက်ခံတဲ့ ပါတီ ၄၀ ကျော်က ကိုယ်စားလှယ်တွေသာ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။