သဘာဝဘေးဒုက္ခသည်များအား ကူညီရေး အင်န်အယ်ဒီပါတီ ဆောင်ရွက်

NLD ပါတီအနေနဲ့ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ သဘာဝဘေးဒဏ်တွေ အတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်တိုက် လုပ်ဆောင်လျက် ရှိတယ်လို့ ပါတီ တာဝန်ရှိသူတွေက RFA ကို မတ်လ ၂၉ ရက် ဒီကနေ့ ပြောကြားပါတယ်။

အခုလပိုင်းအတွင်း မြန်မာနိုင်ငံမှာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာတဲ့ သဘာဝ ဘေးဒဏ်တွေကြောင့် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံသားတွေအတွက် အကူအညီတွေ ပေးဖို့ ပါတီ ခေါင်းဆောင်တွေက ဆုံးဖြတ်တာကြောင့် ဆက်တိုက် ဆောင်ရွက်နေတယ်လို့ NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

လတ်တလောအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာဝန်ပေးချက်အရ ပြီးခဲ့တဲ့ မတ်လအလယ်က ဧရာဝတီတိုင်းအတွင်း ပင်လယ်ပြင်မှာ လေပြင်း မုန်တိုင်း တိုက်ခိုက်မှုကြောင့် ပျောက်ဆုံးနေတဲ့ ရေလုပ်သားတွေ အရေးကိုလည်း ဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

“ဒီနေ့ကစပြီးတော့ ကျွန်တော်တို့ ဧရာဝတီတိုင်းဖက်က တိုင်းစည်းနဲ့ တာဝန်ရှိတဲ့သူတွေကို အဲဒီ ဒုက္ခသည် သေဆုံး ပျောက်ဆုံးနေတဲ့ မိသားစုတွေပေါ့ဗျာ၊ အဲဒီက ရေလုပ်သားတွေရဲ့ မိသားစုတွေကို ကျွန်တော်တို့ ချိတ်ဆက်နေပါတယ်။ ချိတ်ဆက်ပြီးတော့ အခုဟာကတော့ ဖလထိပ်ကျွန်းတို့ ဘာတို့ကနေပြီးတော့ သေဆုံးတဲ့လူစာရင်း ၁၀ ယောက်လောက် ကျွန်တော်တို့ ရထားပြီ။”

ဒီလုပ်ငန်းအပြင် မုံရွာမီးဘေး ကယ်ဆယ်ရေး လုပ်ငန်းမှာ သူတို့ပါတီအနေနဲ့ တတ်နိုင်သလောက် ပါဝင်ခဲ့သလို လောလောဆယ်မှာ ရှမ်းပြည်နယ်က ငလျင်ဘေးဒဏ်ခံ ပြည်သူတွေအတွက် အကူအညီပေးရေး လုပ်ငန်းတွေ လုပ်ဆောင်လျက် ရှိတယ်လို့ သိရပါတယ်။