ငွေလိမ်ဂိုဏ်းရုပ်ရှင်နဲ့ပတ်သက်လို့ တရုတ်ကို စစ်ကောင်စီကန့်ကွက်

RFA Burmese
2023.09.30
ငွေလိမ်ဂိုဏ်းရုပ်ရှင်နဲ့ပတ်သက်လို့ တရုတ်ကို စစ်ကောင်စီကန့်ကွက် တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့က စစ်ကောင်စီကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းနှင့် နိုင်ငံခြားရေးရုံး ညွှန်ကြားရေးမှူး Ms. Lian Yin တို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က တွေ့ဆုံစဉ်။
Ministry of Foreign Affairs Myanmar

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအကြောင်း ရိုက်ကူးထားတဲ့ "No More Bets" ဆိုတဲ့ တရုတ်ရုပ်ရှင်ဇာတ်ကားဟာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်ဆိုပြီး စစ်ကောင်စီက တရုတ်အစိုးရကို ကန့်ကွက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ Global News Light of Myanmar က စက်တင်ဘာလ ၂၉ ရက်မှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့က စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းက ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံခြားရေးရုံးမှ ညွှန်ကြားရေးမှူး Ms. Lian Yin နဲ့ စက်တင်ဘာလ ၂၆ ရက်ကတွေ့ဆုံပြီး ကန့်ကွက်ခဲ့တာလို့ ဖော်ပြတယ်။

တရုတ်နိုင်ငံတစ်ဝန်း ပြသခဲ့တဲ့ ဒီဇာတ်ကားဟာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ညှိုးနွမ်းထိခိုက် စေတယ်လို့ စစ်ကောင်စီ ကောင်စစ်ဝန်က ပြောဆိုခဲ့ပါတယ်။

နှစ်နာရီကျော်ကြာမြင့်တဲ့ "No More Bets" ဇာတ်ကားဟာ တရုတ်နိုင်ငံသား တစ်ဦးကို နယ်စပ်မှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုမှာ မတရားစေခိုင်းခံရတဲ့ အခြေအနေကို ရိုက်ကူးထားတာဖြစ်ပြီး ဩဂုတ်လ ၈ ရက်ကစလို့ တရုတ်နိုင်ငံမှာ ထုတ်လွှင့်ပြသခဲ့တာပါ။

ကမ္ဘောဒီးယားနိုင်ငံကလည်း ဒီရုပ်ရှင်ဟာ နိုင်ငံရဲ့ ပုံရိပ်ထိခိုက်စေတယ်ဆိုပြီး တရုတ်နိုင်ငံကို ကန့်ကွက်ထားသလို သူတို့နိုင်ငံအတွင်းမှာ ဒီရုပ်ရှင်ပြသခွင့်ကို ပိတ်ပင်မယ့်အကြောင်း စက်တင်ဘာလ ၂၈ ရက်က ကမ္ဘောဒီးယားမီဒီယာတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

တရုတ်နိုင်ငံသားတွေ ဦးဆောင်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ တရုတ်-မြန်မာ နယ်စပ်မြို့တွေအပြင် မြန်မာနိုင်ငံရဲ့ မြို့ကြီးဖြစ်တဲ့ ရန်ကုန်မြို့လယ်ကောင်က စီးပွားရေးအချက်အချာကျတဲ့နေရာတွေမှာပါ အာဏာသိမ်းပြီးနောက် ပေါ်ပေါ်ထင်ထင်နဲ့ လုပ်ကိုင်လာတဲ့အကြောင်းကို RFA မြန်မာဌာနက စက်တင်ဘာလလ ၅ ရက်နေ့က ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာပြည်တွင်း အခြေစိုက်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်နေတဲ့သူ လူပေါင်း ၁၄၈၂ ယောက်ကို မြန်မာနဲ့ တရုတ်နှစ်နိုင်ငံ ပူးပေါင်းဖမ်းဆီးနိုင်ခဲ့ပြီး အဲဒီလူတွေကို လွှဲပြောင်း ယူခဲ့တယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ပြောကြားချက်ကို ကိုးကားပြီး တရုတ်အစိုးရပိုင် China Daily သတင်းမှာ စက်တင်ဘာလ ၁၈ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။