မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာ မြန်မာနိုင်ငံကို စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း နယူးယောက်အခြေစိုက် ကုလသမဂ္ဂဌာနချုပ်က ဩဂုတ်လ ၁၅ ရက် မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
ဒါဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် ပထမဆုံး လာရောက်တဲ့ ခရီးစဉ် ဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံသူဖြစ်တဲ့ မစ္စ နိုလင်းဟေဇာကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၅ ရက်နေ့မှာ ခန့်အပ်ခဲ့တာပါ။
မြန်မာပြည်တွင်းက အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်တန့်ဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လွတ်လွတ်လပ်လပ်ပေးနိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ နောက်ဆုံး တောင်းဆိုချက်အပြီးမှာ ဒီခရီးစဉ် စတင်လိုက်တာဖြစ်ပြီး၊ သူ့ရဲ့ ခရီးစဉ်အတွင်း ပိုဆိုး လာတဲ့ အခြေအနေတွေနဲ့ အရေးတကြီး ဆောင်ရွက်ရမယ့် အခြားလုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စရပ်တွေကို အဓိကထား လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။
မစ္စ နိုလင်းဟေဇာ ဟာ ဒီခရီးစဉ်အတွင်း နိုင်ငံရေးနယ်ပယ်နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း နယ်ပယ်က တာဝန်ရှိသူတွေ၊ လက်ရှိ ပြည်တွင်းပဋိပက္ခတွေကြောင့် ထိခိုက်ခံစားနေရသူတွေနဲ့ နက်နက်ရှိုင်းရှိုင်း တိုင်ပင်ဆွေးနွေးသွားဖို့ရှိကြောင်းလည်း ကုလသမဂ္ဂဌာနချုပ်ရဲ့ ဩဂုတ်လ ၁၅ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်အတွင်း မစ္စ နိုလင်းဟေဇာ ဘယ်နေ့ဘယ်ရက် မြန်မာနိုင်ငံကို ရောက်ရှိမယ် ဆိုတာကို အတိအကျ ဖော်ပြထားခြင်း မရှိသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဒီခရီးစဥ်အတွင်း မနေ့ကမှ နောက်ထပ် ထောင် ခြောက်နှစ် ထပ်တိုးချခံလိုက်ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရ၊ မရ ဆိုတာလည်း အတိအကျ မသိရသေးပါဘူး။
အသက် ၇၄ နှစ်အရွယ်ရှိ စင်္ကာပူနိုင်ငံသူ မစ္စ နိုလင်းဟေဇာ ဟာ ၂၀၀၇ ကနေ ၂၀၁၄ ခုနှစ် အထိ ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးကော်မရှင်မှာ ပထမဆုံး အမျိုးသမီး အမှုဆောင် အတွင်းရေးမှူးအဖြစ် ခုနစ်နှစ်ကြာ တာဝန်ထမ်းခဲ့ဖူးပါတယ်။
၂၀၀၈ နဲ့ ၂၀၀၉ ခုနှစ်တွေမှာ အာဆီယံအဖွဲ့နဲ့ နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့ပြီး၊ ဧရာဝတီ တိုင်းမှာ ၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ် ပြင်းပြင်းထန်ထန်ခံခဲ့ရချိန်က ပြည်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် မြန်မာနိုင်ငံကို လာရောက်ပြီး စစ်ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ခဲ့ဖူးပါတယ်။
သူဟာ ၂၀၁၃ ကနေ ၂၀၁၅ ခုနှစ်အထိ အင်ဒိုနီးရှားကနေ ခွဲထွက်ခဲ့တဲ့ အရှေ့တီမောနိုင်ငံ ငြိမ်းချမ်းရေး ထူထောင်မှု၊ တိုင်းပြည်တည်ဆောက်မှုနဲ့ တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေ ဖြစ်လာရေးအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးအရာရှိ အဖြစ် တာဝန်ယူခဲ့ဖူးတာမို့ ငြိမ်းချမ်းရေးနဲ့ ပြည်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။
ဒါ့ကြောင့် လက်ရှိမြန်မာနိုင်ငံက ပဋိပက္ခတွေ ဖြေရှင်းရေးမှာ သူ ဘယ်လောက်ထိ စွမ်းဆောင်နိုင်မလဲဆိုတာကို ပြည်သူအများစုက စိတ်ဝင်တစား စောင့်ကြည်နေကြပါတယ်။