အရှေ့မြောက်တိုင်းစစ်ဌာနချုပ် သိမ်းပိုက်မှု ကြီးမားတဲ့အောင်မြင်မှုဖြစ်တယ်လို့ NUG ပြော
2024.08.08
စစ်ကောင်စီရဲ့ လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) သိမ်းပိုက်မှုဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ကြီးမားတဲ့အောင်မြင်မှုဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
ဩဂုတ်လ ၆ ရက်နေ့က NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပြီး နိုင်ငံတစ်ဝန်းက တော်လှန်ရေး အင်အားစုတွေကလည်း ဒီလိုအောင်မြင်မှုတွေဖြစ်လာဖို့ နိုင်ငံရေးနဲ့ စစ်ရေးကို ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
“တိုင်းရင်းသားအားလုံး အတူတကွ လက်တွဲဆင်နွှဲနေတဲ့ ဒီတော်လှန်ရေးအတွက်တော့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ ဆက်တိုက် အောင်မြင်မှုတွေ ရရှိနေတာဟာ ကျန်ဒေသအားလုံးမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေအတွက်လည်း အင်မတန်စိတ်အားတက်ကြွစရာ ဖြစ်ပါတယ်”
နိုင်ငံတစ်ဝန်းမှာ စစ်ဒဏ်နဲ့အတူ ငွေကြေးဖောင်းပွမှု၊ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ ရင်ဆိုင်နေရပြီး ဒါကို အဆုံးသတ်ဖို့ စစ်အာဏာရှင်စနစ် နိဂုံးချုပ်ဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။
ဩဂုတ်လ ၃ ရက်နေ့က လားရှိုးမြို့အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ်မတော်(MNDAA) ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့တာပါ။
အဲဒီ တိုက်ပွဲမှာ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ် အကြီးတန်းအရာရှိကြီးတွေ ဖမ်းဆီးခံထားရတယ်လို့ စစ်ကောင်စီဘက်က ပြောထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဟာ တအာင်းတပ်မတော် (TNLA) နဲ့ ပူးပေါင်းပြီး မန္တလေးတိုင်း မိုးကုတ်မြို့ကို ထိန်းချုပ်ထားသလို စဥ့်ကူးမြို့ကိုလည်း ထိန်းချုပ်ထားပါတယ်။