မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေ တရုတ်အထူးကိုယ်စားလှယ်နဲ့တွေ့


2017.05.11
tnla-vice-president-620.jpg PSLF ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး ဒုဥက္ကဋ္ဌ တာဂျုတ်ဂျား ကို တွေ့ရစဉ်
Photo: RFA

မြောက်ပိုင်းဒေသ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ရက္ခိုင့်တပ်မတော် AA၊ တအာန်း ပလောင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA နဲ့ MNDAA ကိုးကန့်အဖွဲ့၊ KIO ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ UWSA ဝ,အဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံခြားရေးဌာန အာရှရေးရာ အထူးသံကိုယ်စားလှယ် ဆွန်ကော်ရှန်းနဲ့ မေလ ၁၁ ရက် ဒီကနေ့မနက်ပိုင်းက စတုတ္ထအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

တရုတ်နိုင်ငံယူနန်ပြည်နယ် ကူမင်းမြို့မှာရှိတဲ့ World Trade Center မှာ ဒီမနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ PSLF ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး ဒုဥက္ကဋ္ဌ တာဂျုတ်ဂျားက RFA ကို အတည်ပြု ပြောဆိုပါတယ်။

“ဟုတ်ပါတယ်၊ ဒီနေ့မနက်ပဲ။ ဒါပေမဲ့ တွေ့တာခဏလေး၊ ဘာမှလည်း မပြောလိုက်ရဘူးနော်။ ငါးဖွဲ့ပါခင်ဗျ၊ ဝ,ရယ်၊ AA ရယ်၊ ကျနော်တို့ရယ်၊ ကိုးကန့်ရယ်၊ ပြီးတော့ KIO ၊ ဟုတ်ကဲ့ အဲဒါပဲ။ ကျနော်တို့ ပန်းခမ်းကိစ္စ ဒီတရုတ်ကိုယ်စားလှယ်ကို ပေးလိုက်တာ ဒါပဲရှိတယ်။ တခြား ထူးထူးထွေထွေ ဘာမှမရှိဘူး။ ဒါလေးကို သူယူပြီးတော့ အစိုးရနဲ့စစ်တပ်ကိုပြောမယ်လို့ ပြောတာပဲ။ အဓိက ဒီစာတမ်းတွေ ပေးလိုက်တာပဲလေ၊ ကျနော်တို့ ပန်ခမ်းမှာ ဆုံးဖြတ်ထားတဲ့ဟာလေးတွေ ဖြစ်ချင်တဲ့ဟာလေးတွေပါ”

ဆွေးနွေးပွဲမှာ မြန်မာပြည်မြောက်ပိုင်းက စစ်ရေးပဋိပက္ခ အခြေအနေတွေကို ရှင်းပြခဲ့ပြီး၊ ဝ,ဒေသ ပန်ခမ်းမြို့မှာ ပြီးခဲ့တဲ့ဧပြီလက ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ အစည်းအဝေးကနေ ချမှတ်လိုက်တဲ့ သဘောထားစာတမ်းတွေကို တရုတ်အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းလက်ထဲ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

မြောက်ပိုင်းဒေသ အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့တုန်းကလည်း မစ္စတာ ဆွန်ကော်ရှန်းနဲ့ ကူမင်မြို့မှာတွေ့ဆုံပြီး မြန်မာပြည်မြောက်ပိုင်းက စစ်ရေးနိုင်ငံရေး အခြေအနေတွေ၊ တိုက်ပွဲ အရှိန်လျှော့ချရေးကိစ္စတွေ၊၂၁- ရာစုပင်လုံညီလာခံနဲ့ NCA အပစ်ရပ်စာချုပ် ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။