ကွမ်းယာဆိုင်တွေပိတ်ရန် ညွှန် ကြားခြင်းမရှိပါ

ကွမ်းယာဆိုင်တွေ ရောင်းချတာကို ပိတ်သိမ်းဖို့ ညွှန်ကြားမထားဘဲ ကွမ်းစားသုံးမှုတွေ လျော့နည်းအောင် ဆောင် ရွက်ဖို့အတွက်သာ ညွှန်ကြား တာဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

ကွမ်းစားသုံးမှုနဲ့ စည်းကမ်းမဲ့ကွမ်းတံတွေးထွေးမှုတွေ လျော့နည်းကျဆင်းရေးလုပ်ငန်းအပါအဝင် အုပ်ချုပ်ရေးလုပ် ငန်းတွေမှာ ဥပဒေကို ကျော်လွန် လုပ်ဆောင်ခြင်းမပြုဖို့၊ ပြည်သူလူထုကို အဓမ္မအနိုင်ကျင့်မှုတွေ မဖြစ်အောင် သတိထားကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ဒီနေ့ ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး ဦးဇော်ဌေး က ပြောတာဖြစ်ပါတယ်။

"တချို့နေရာတွေမှာ တာဝန်ရှိတဲ့သူတွေက အခွင့်အာဏာကို အသုံးပြုပြီးတော့ အတင်းအဓမ္မလုပ်တာ မျိုးတွေ သူကမကြိုက်ဘူး၊ နောက်တစ်ခုက ကွမ်းယာဆိုင်တွေ ပိတ်ခိုင်းတာတွေကို ညွှန်ကြားထားတာ လည်းမရှိဘူး၊ ကျနော်တို့ရဲ့မူဝါဒကိုက ကွမ်းယာဆိုင်တွေ လျော့နည်းသွားအောင် တစ်ခါတည်း ပိတ်ပစ်ဆိုတဲ့ ညွှန်ကြားချက်မရှိခဲ့ဘူးပေါ့နော်၊ ကွမ်းယာဆိုင်တွေရဲ့ တခြားသော အသက်မွေး ဝမ်းကြောင်းနဲ့ နည်းလမ်းရှာဖို့ပြောတာပါ၊ လုပ်ပိုင်ခွင့်တွေကျော် လွန်ပြီး၊ ဥပဒေတွေကိုကျော်လွန်ပြီး လုပ်တာ မျိုးတွေဖြစ်လာတယ်၊ တကယ့်အောက်ခြေက ပြည်သူတွေကို သွားပြီးတော့ သက်ရောက် မှုတွေဖြစ် သွားတယ်ပေါ့၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်စိတ်မကောင်းဖြစ် တဲ့အတွက် ဒီညွှန်ကြားချက်ကို ထုတ်ပြန်ရခြင်းဖြစ်တယ်"

ကွမ်းစားတာဟာ ပြည်သူလူထုတွေအတွက် ကျန်းမာရေးဆိုးကျိုးကိုသာ ဖြစ်ပေါ်စေတဲ့အပြင် စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးတာတွေဟာ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်ပေါ်စေတဲ့အတွက် ကွမ်းစားသုံးမှု ပပျောက်ရေးကို ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီညွှန်ကြားချက်နဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးက အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ပြည်သူ လူထုကို အခွင့်အာဏာအသုံးချပြီး ခြိမ်းခြောက်တာ၊ အနိုင်ထက်ပြုကျင့် တာတွေဟာ ဒီမိုကရေစီအစိုးရရဲ့ လုပ်ကိုင် မှုနည်းလမ်းတွေမဟုတ်တဲ့အတွက် ညွှန်ကြားချက်နဲ့ ဆန့်ကျင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။