စစ်ကိုင်းတိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အကျအဆုံးများနေသလို စစ်ကောင်စီတပ်တွေကလည်း ဒေသအတွင်းရှိ ကျေးရွာတွေမှာ သတ်ဖြတ်မီးရှို့မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတဲ့သတင်းတွေကို အဆက်မပြတ် ရရှိနေပါတယ်။
NUG အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကိုင်းတိုင်းက အဓိကလမ်းမကြီးတွေကို ထိထိရောက်ရောက် ထိန်းချုပ်ထားနိုင်ပြီလို့ RFA ကို ပြောပါတယ်။
“လွတ်မြောက်နယ်မြေဖြစ်ဖို့ဆိုရင် လမ်းမတွေကို ကိုယ့်ဘက်က ဘယ်လောက် စိုးမိုးနိုင်သလဲဆိုတာ အရေးကြီးတာပေါ့။ မန္တလေးကနေပြီး ကချင်ကိုဆက်သွယ်တဲ့ မန္တလေး-ရွှေဘို-မြစ်ကြီးနား ရထားလမ်း စစ်ကောင်စီ လုံးဝ သုံးလို့မရတော့ဘူး။ နောက် မန္တလေး-ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းခေါ်တာပေါ့။ အဲဒီဗျူဟာလမ်းဆိုရင်လည်း ရွှေဘိုက အထွက်ကို စစ်ကောင်စီသုံးလို့ မရတော့ဘူး။ စစ်ကောင်စီရဲ့ လမ်းမ စိုးမိုးမှုက စစ်ကိုင်းအထွက် အုန်းတောလောက်ပဲရှိတော့တာ။ အုန်းတော လွန်သွားတယ်ဆိုရင်ကို သူ စိတ်မချရတော့ဘူး။ အုန်းတောနဲ့ ရွှေဘိုကြား၊ အုန်းတောနဲ့ မုံရွာကြား တောက်လျှောက် ဖြတ်တိုက်တာတွေက။ ကျနော်တို့လည်း အပြည့်အဝ စိုးမိုးနိုင်တဲ့ လမ်းပိုင်းတော့ မဟုတ်သေးဘူး။ သို့သော် စစ်ကောင်စီလည်း လုံလုံခြုံခြုံ မဖြတ်နိုင်တော့ဘူး အဲဒီလမ်းတွေက။ ရွှေဘို အထွက်ဆိုရင် စစ်ကောင်စီ လုံးဝ မစိုးမိုးနိုင်သလောက်ဖြစ်သွားပြီ။ ကျနော်တို့ အဲဒီလမ်းမ ၈ဝ ရာခိုင်နှုန်းလောက် ထိန်းချုပ်ထားနိုင်နေပြီ။ အုန်းတောနဲ့ မုံရွာကြားဆိုရင်လည်း ချောင်းဦးတို့ မြင်းမူတို့က တောက်လျှောက် ဖြတ်တိုက်နေတာ။ အဲ့တော့ မုံရွာက ထွက်သွားပြီဆိုရင် အိန္ဒိယနယ်စပ်ကို ဆက်သွယ်တာ လမ်း ၃ မျိုး ရှိတယ်။ မဟာမြိုင်လမ်း။ မဟာမြိုင်လမ်းဆိုတာ မုံရွာ-ဘုတလင်-ရေဦး-တန့်ဆည်ကနေ ကလေးဝကို ချိတ်တဲ့လမ်း။ မဟာမြိုင်တောကို ဖြတ်သွားတဲ့လမ်း။ အဲဒီလမ်းဆိုရင် စစ်ကောင်စီ လုံးဝ မသုံးနိုင်တော့ဘူး။ တန့်ဆည်လွန်ပြီဆိုတာနဲ့ လမ်းဘေးဝဲယာမှာကို PDF တွေက တိုက်ချပြီး၊ စိုးမိုးထားတဲ့အနေအထား။ နောက် ဒီဘက် ချင်းတွင်းမြစ်ကို ကူးမယ်ဆိုရင် ၂ နေရာမှာ သူတို့ စိုးမိုးထားတယ်။ တစ်ခုကတော့ ချင်းတွင်းမြစ်ကူးတံတားကို စိုးမိုးထားတယ်။ နောက် ဒီဘက်က လက်ပံတောင်းစီမံကိန်းဧရိယာ။ ဒီ ၂ နေရာလောက်ပဲ စစ်ကောင်စီ စိုးမိုးနိုင်တာ။ လက်ပံတောင်းကို လွန်ပြီဆိုတာနဲ့ မုံရွာ-ယာကြီး-ကလေးဝ လမ်းဆိုတာ ရှိတယ်။ အဲဒီ ယာကြီး-ကလေးဝ လမ်းဆိုရင်လည်း လက်ပံတောင်းကို လွန်တာနဲ့ ကျနော်တို့ ရဲဘော်တွေက ၉ဝ ရာခိုင်နှုန်းလောက် စိုးမိုး ထားတာ။ နောက်ထပ် တစ်လမ်းရှိသေးတယ်။ ဂန့်ဂေါကိုဖြတ်သွားတဲ့လမ်း မုံရွာ-ပုလဲ-ကလေး-ဂန့်ဂေါလမ်း။ အဲဒီလမ်းဆိုရင်လည်း ပုလဲလွန်တာနဲ့ သူတို့ ဖြတ်လို့ မရတော့ဘူး။ အဲ့တော့ လမ်းမကြီးတွေကိုတော့ စစ်ကိုင်းတိုင်းထဲမှာ ကျနော်တို့ ကောင်းကောင်း စိုးမိုးထားနိုင်ပြီလို့ ပြောလို့ရတယ်”
မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း စစ်ကိုင်းတိုင်းက ဖြစ်ပေါ်တိုးတက်မှုတွေဟာ တစ်ပြည်လုံးရဲ့ နွေဦးတော်လှန်ရေးကို ရောင်ပြန်ဟပ်နေတယ်လို့ ဝေဖန်ပါတယ်။
“စစ်ကိုင်းတိုင်းကနေ မကွေးနဲ့ ချင်းပြည်နယ်ကို သွားတဲ့လမ်းတွေ အားလုံးကို စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေ မသုံးနိုင်တော့ဘူး။ သူတို့ အခု ဘာသုံးနေရလဲဆိုတော့ လေကြောင်းကနေ စစ်သားတွေ ပို့နေရတဲ့ အခြေအနေ အခုက စစ်ကိုင်းမှာကလည်း PDF တွေက တိုးပွားလာတဲ့အပြင် အခု ဒေသအုပ်ချုပ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကိစ္စမှာ အလွန်ကို တက်ကြွစွာ ဖန်တီး တည်ဆောင်နိုင်တဲ့ အခြေအနေမှာ ရှိတယ်။ အဲ့ဒီအခြေအနေသာ ဆက်ပြီး တိုးပွားသွားမယ်ဆိုရင် ကျနော်တို့ နွေဦးတော်လှန်ရေး အောင်ပွဲဟာ မကြာမီ ရောက်ရှိတော့မယ်ဆိုတာကို ပြည်သူလူထု မျှော်လင့်နေတယ်ဆိုတာ ပြောကြားပါရစေ”
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း PDF တွေ လက်နက်ချဖို့ စစ်ကောင်စီက ကမ်းလှမ်းမှုနဲ့ ပတ်သက်လို့တော့ စစ်မှန်တဲ့ PDF တွေအနေနဲ့ အဲဒီကိစ္စကို စိတ်ပါဝင်စားခြင်း မရှိပါဘူးလို့ ဦးရည်မွန် က ပြောကြားပါတယ်။
“တကယ်ကို ခံယူချက်ရှိလို့ လုပ်နေတဲ့သူတွေ အများကြီးလည်း ပေးဆပ်ပြီးသားတွေအနေနဲ့ လွယ်လွယ် တော်လှန်ရေးကို စွန့်ခွာသွားမယ်ဆိုတာကတော့ မရှိသလောက် ရှားပါတယ်။ တချို့ PDF အတုအယောင်တွေတော့ ရှိနိုင်တာပဲလေ။ သူတို့ဖန်တီးထားတဲ့ PDF အတုအယောင်တွေကော PDF အတုတွေကတော့ ရှိသင့်သလောက် ရှိနေတာ။ လူသတ်မှုတွေ ဓားပြမှုတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေနဲ့ PDF နာမည်ခံပြီး လုပ်နေတဲ့ အဖွဲ့တချို့တောင် ပေါ်နေပြီ။ အဲဒီလိုမျိုးရှိလို့ ကျနော်တို့ နည်းနည်း ကိုင်တွယ်နေရတာရှိတယ်။ အဲဒါမျိုးတွေကတော့ အနည်းအကျဉ်းတော့ ရှိတယ်။ တကယ့် PDF တွေကတော့ အဲလိုမျိုး အလုပ်တွေ လုပ်မှာ မဟုတ်ပါဘူး။ PDF တော့ မဟုတ်ဘူး။ အမတ်တစ်ယောက်တော့ လက်နက်ချပြီး ခွာသွားတာ ရှိတယ်။ စစ်ခေါင်းဆောင်ဆီ ခိုလှုံသွားတာ ရှိတယ်။ ဒီရက်ပိုင်းမှာ”
ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် PDF အဖွဲ့ခေါင်းဆောင် ဗိုလ်ဒီပါကလည်း စစ်ကောင်စီဖိတ်ခေါ်ချက်ကို သူတို့ လက်ခံ စဉ်းစားခြင်းမရှိပါဘူးလို့ RFA ကို ပြောပါတယ်။
“သူတို့က ကမ်လှမ်းတယ်၊ ဒါပေမဲ့ ကျနော်တို့ဘက်ကို သူတို့ဘက်က CDM လုပ်ပြီး ကူးပြောင်းလာသူက ပိုများလာတယ်။ ကျနော်တို့ တော်လှန်ရေးက အရှေ့ကို ရောက်သင့်သလောက် ရောက်နေပါပြီ”
ဒီလပိုင်းတွေအတွင်း စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံအနှံ့အပြားက ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက လူသတ်မီးရှို့နေမှုတွေနဲ့ ပတ်သက်ပြီး လတ်တလောမှာ စစ်ကောင်စီတပ်ဖွဲ့တွေကို ကျေးရွာတွေအတွင်း ဝင်ရောက်လာခြင်း မရှိအောင် မိမိတို့တပ်ဖွဲ့တွေအနေနဲ့ ထိထိရောက်ရောက် တားဆီးနိုင်ခြင်းတော့ မရှိသေးပါဘူး။ ဒါပေမဲ့ အဲဒီပြဿနာကို ဖြေရှင်းဖို့ အလေးအနက်ထား ကြိုးစားနေပါတယ်လို့ ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
အခုလို ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ပြောကြားချက်ကို လတ်တလော မရရှိသေးပါဘူး။