ICJ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထွက်ချက်တွေကို NUG ရုပ်သိမ်း

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ICJ တရားရုံးကြားနာပွဲ။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ICJ တရားရုံးကြားနာပွဲ။ (Photo - reuters)

ရိုဟင်ဂျာတွေ လူမျိုးတုံး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာတရားရုံး ICJ ရဲ့ တရားစီရင်ဆုံးဖြတ်မှုကို လက်ခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က မနေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ပြီးခဲ့တဲ့နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရ အဖွဲ့က၊ ICJ မှာ ဂမ်ဘီယာနိုင်ငံရဲ့ လူမျိုးတုံး သတ်ဖြတ်မှု စွဲဆိုချက်တွေကို ကနဦး ငြင်းဆိုချက် တင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ ဒေါ်အောင်ဆန်းစုကြည်တင်သွင်းခဲ့တဲ့ ကနဦးကန့်ကွက်ချက်တွေကို ရုပ်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာချက်မှာပြောထားပါတယ်။

ဒါပေမဲ့ ဒီကိစ္စဟာ ဥပဒေကြောင်းအရ ကြားနာစစ်ဆေးမှု ဖြစ်စဉ်ကို ထိခိုက်တာ ရှိ၊မရှိ မသိရသေးပါဘူး။

ICJ နိုင်ငံတကာခုံရုံး အနေနဲ့ ဘရပ်ဆဲမှာ ရှိတဲ့ မြန်မာ အာဏာသိမ်း စစ်ကောင်စီ ရဲ့ ထိန်းချုပ်မှုအောက်က သံတမန်တွေနဲ့ အဆက်အသွယ်ရှိနေတယ်လို့ NUG က ပြောဆိုကြောင်း ရိုက်တာသတင်း က ဖေါ်ပြပါတယ်။

နိုင်ငံတကာတရားရုံး ICJ အနေနဲ့ အမှုကိစ္စတွေကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း နဲ့ ဆက်သွယ်ဖို့လည်း NUG က တိုက်တွန်းလိုက်ပါတယ်။

ICJ အမှုကို လာမယ့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ကြားနာမှာဖြစ်ပါတယ်။